NLD နာယက သူရဦးတင်ဦး စကားမပီသေးသော်လည်း စကားပြောနိုင်ပြီ

NLD နာယက သူရဦးတင်ဦး စကားမပီသေးသော်လည်း စကားပြောနိုင်ပြီ
ဓာတ်ပုံ - ဘိုဘို

ရန်ကုန်၊ဇွန်၃ ။                ။ NLD ပါတီ၏ နာယက သူရဦးတင်ဦးဟာ လက်ရှိအချိန်တွင် စကားပြောဆိုရာ၌ စကားမပီသေးသော်လည်း စကားပြောလာနိုင်ပြီဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊   ဆေးရုံအုပ်ကြီး ဒေါက်တာဦးအေးကိုကိုက ပြောသည်။

ထို့ပြင် သူရဦးတင်ဦးသည် ပူတင်းကဲ့သို့ အစာပျော့ကို စားနိုင်ပြီဖြစ်ပြီး တပ်ဆင်ထားသော ဆီးပိုက်ကို မနေ့ညက ဖြုတ်လိုက်ပြီဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာဦးအေးကိုကို က ဆိုသည်။

"ထိုင်တာ၊ ထတာတွေ အကုန်လုပ်နိုင်ပါတယ် ။ ညာဘက်လက်နဲ့ ခြေထောက်ကတော့ နည်းနည်းပဲ လှုပ်နိုင်သေးတယ်။ စကားကလည်း ပြောတော့ပြောတယ် မပီသေးဘူး"ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊  ဆေးရုံအုပ်ကြီး ဒေါက်တာဦးအေးကိုကို က မဇ္ဈိမသို့ ပြောသည်။

ထိုသို့တိုးတက်လာသော်လည်း သူရဦးတင်ဦး၏ နောက်ပိုင်း ဆက်လက်ဖြစ်လာနိုင်သည့် ကျန်းမာရေးအခြေအနေကို ကြိုတင်ပြောလို့မရသေးဘဲ ဆက်လက်စောင့်ကြည့်ရန် လိုနေသေးကြောင်း သိရသည်။

သူရဦးတင်ဦးကို လာတွေ့သူများကို အနီးကပ်ကြည့်ရှု့ခွင့်နှင့် စကားပြောခွင့်ကို ခွင့်မပြုတော့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေလ ၂၁ရက်နေ့က စတင်ပြီး ညွှန်ကြားထားခဲ့သည်။

ပြီးခဲ့သည့် မေလ ၁၇ ရက်ညက သူရဦးတင်ဦးသည် နေအိမ်ရေချိုးခန်းမှာ သတိလစ်ကာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် အသက် ၉၁ နှစ် ရှိပြီ ဖြစ်သည်။ ထို့ကြောင့် သူရဦးတင်ဦးသည် မေလ ၁၈ ရက်၊ မနက်အစောပိုင်းတွင် ဦးနှောက်နှင့်အာရုံကြောဌာန၊ မေလ ၁၈ မနက်တွင် အထူးကြပ်မတ်ကုသဌာနနှင့် ယခုနောက်ပိုင်းတွင် နှလုံးရောဂါဌာနတို့တွင်   ပြောင်းရွှေ့ကုသမှုခံယူခဲ့ရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေသည်မှာ ယနေ့အထိ ၁၆ရက်မြောက်နေ့ရှိပြီဖြစ်ပြီး ကျန်းမာရေးအခြေအနေ တိုးတက်မှု ရှိလာခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly