ဆေးလိပ်နှင့်ဆေးရွက်ကြီး သာမက ကွမ်းစားခြင်းပါ ထိန်းချုပ်သင့်

ဆေးလိပ်နှင့်ဆေးရွက်ကြီး သာမက ကွမ်းစားခြင်းပါ ထိန်းချုပ်သင့်

ရန်ကုန်၊ဇွန် ၃ ။               ။ ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုသည် နိုင်ငံ၏ ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေသည်ကို   တွေ့ရှိရသဖြင့်   ဆေးလိပ်သောက်ခြင်းကို သာမက   ဆေးရွက်ကြီးနှင့် ကွမ်းစားခြင်းကိုပါ  ထိန်းချုပ်သင့်ကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောသည်။

ဇွန်လ ၃ ရက်နေ့၊  ရန်ကုန်မြို့၊ပြည်လမ်းရှိ တော်ဝင်ဂါးဒင်းဟိုတယ်၌ ကျင်းပခဲ့သည့် ၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အခမ်းအနားတွင် ပြောခဲ့ခြင်းဖြစ်သည်။

ဆေးလိပ်၊ ဆေးရွက်ကြီး၊ သောက်သုံးမှုလုပ်ငန်းများကို ၂၀၃၀ ပြည့်အမီ ထိန်းချုပ်ခြင်းများ ဆောင်ရွက်နေ သည်ဟု ဒေါက်တာသန်းစိန်က ပြောသည်။

" ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ ဆောင်ရွက်တဲ့နေရာမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီးပစ္စည်းများ သောက်သုံးခြင်း၊ထိန်းချုပ်ခြင်းနဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုဟာ ဆက်စပ်နေတယ်ဆိုတာကို အများပြည်သူ နားလည်သဘောပေါက်လာအောင် ဆေးလိပ်နဲ့ ဆေးရွက်ကြီးပစ္စည်းများ သောက်သုံးမှု ထိန်းချုပ်ခြင်း လုပ်ငန်းကို ၂၀၃၀ပြည့်နှစ်အမီ လုပ်ငန်းကြီးတစ်ခုအနေနဲ့ ပါဝင် ဆောင်ရွက်ပေးနေတယ်” ဟု ဒေါက်တာသန်းစိန်က ပြောသည်။

အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံသည် ဆေးရွက်ကြီးအများဆုံးစားသုံးသော နိုင်ငံဖြစ်ပြီး အမျိုးသား ၆၂.၂ရာနှုန်းနှင့် အမျိုးသမီး ၂၄.၂ရာနှုန်း ရှိကြောင်း ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ သိရသည်။

ထို့ပြင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထုတ်လုပ်တဲ့ လုပ်ငန်းများဟာ လျော့ချရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

နှစ်စဉ် မေလ ၃၁ ရက်နေ့သည် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ဖြစ်ပြီး  ယခုနှစ်အတွက် ဆောင်ပုဒ်မှာ "ဆေးလိပ်နှင့် ဆေးရွက်၊ဖွံ့ဖြိုးရေးအတွက် ခြိမ်းခြောက်နှောင့်ယှက်" ဖြစ်သည်။

ကုလသမဂ္ဂက ချမှတ်ထားသည့် ၂၀၃၀ပြည့်နှစ်အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ (Sustainable Development Goals for 2030) ၁၇ ခုမှာ ရည်မှန်းချက်(၃)သည် လူတိုင်းကျန်းမာရေး အဆင့်မြင့်မားတိုးတက်ရန်ဖြစ်သည်။ အဆိုပါရည်မှန်းချက်အောင်မြင်ရန်လုပ်ဆောင်ရာတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုသည် များစွာ အဟန့်အတားဖြစ်နေသည်ကို   တွေ့ရကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆေးလိပ်သောက်သုံးမှုကို တိုင်းတာရာတွင်လည်း အမျိုးသား ၄၃.၈ရာနှုန်းနှင့် အမျိုးသမီး ၈.၄ရာနှုန်းရှိနေပြီး လူငယ်ပိုင်း သောက်သုံးမှုက အများဆုံးဖြစ်နေကြောင်း တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required