အိန္ဒိယသို့ ကုန်ကြမ်းအဖြစ် အဓိကထားပို့နေသည့် မြန်မာပဲမျိုးစုံစျေးကွက် ဥရောပသို့ ကုန်ချောအဖြစ် တရားဝင်ပို့နိုင်ပြီ

အိန္ဒိယသို့ ကုန်ကြမ်းအဖြစ် အဓိကထားပို့နေသည့် မြန်မာပဲမျိုးစုံစျေးကွက် ဥရောပသို့ ကုန်ချောအဖြစ် တရားဝင်ပို့နိုင်ပြီ

အိမ်နီးချင်း အိန္ဒိယနိုင်ငံကို ကုန်ကြမ်းအဖြစ် အဓိကထားတင်ပို့နေရတဲ့ မြန်မာပဲမျိုးစုံဈေးကွက်က အခုဆိုရင် ဥရောပဈေးကွက်ကို ကုန်ချောအဖြစ် တရားဝင် တင်ပို့လာနေရတယ်လို့ ပြည်တွင်း ပဲလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စိန်သရဖူကုမ္ပဏီလီမီတက် ဒါရိုက်တာ ဦးစိုးမြက "ဥရောပတို့၊ ဘာတို့ကတော့ ဒီအစိုးရလက်ထက်မှာပဲ စီးပွားရေးပိတ်ဆို့မှုတွေ ကင်းလွတ်ပြီးတဲ့အခါကြတော့ တရားဝင်ဝယ်ကြတာပေါ့နော်။ သူတို့ဝယ်တဲ့ ရာခိုင်နှုန်းကလည်း မနည်းလှပါဘူး။ အခုဆို တန်ချိန် ၂သောင်း ၃သောင်းလောက် တစ်နှစ်တစ်နှစ်ကို သူတို့ ဝယ်လိုအား မြင့်တက်လာတာတော့ တွေ့ရပါတယ်။ ဝယ်လာကြပါပြီ။ သူတို့က တန်ဖိုးမြင့်တဲ့ ကုန်ပစ္စည်း ဖြစ်တဲ့အတွက် ဈေးနှုန်းကလည်း မြင့်ပါတယ်။ ပြုပြင်ထုတ်လုပ်တဲ့နေရာမှာလည်း သေသေသပ်သပ် သေသေချာချာ လုပ်ရတဲ့အတွက် အိန္ဒိယတို့ တရုတ်တို့ကိုသွားတဲ့ပဲထက် ကွာလတီမြင့်မှပဲ သွားလို့ရပါတယ်။" လို့ ပြောပါတယ်။

ဒီလိုတင်ပို့တဲ့အခါမှာ ပြုပြင်ထုတ်လုပ်မှုကို သေသေသပ်သပ် ပြင်ဆင်ထုပ်ပိုးရတယ်လို့ သိရပါတယ်။ ဒါကြောင့် ဈေးကွက်ကလည်း ပိုခိုင်မာလာတာတွေ ရှိလာပါတယ်။

"ကုန်ကြမ်းတစ်တန်ကို မတ်ပဲ ဒေါ်လာ ၇၀၀၊ ၈၀၀ ရမှာပေါ့။ အဲဒါ ကိုယ်က ပြုပြင်တယ်။ ထုတ်လုပ်တယ် ဘာညာဆိုစားရိတ်က ၁၅၀ ဆို ၈၅၀ ကျမယ်ဆို တကယ်ရောင်းရင် ၈၇၅၊ ၉၀၀ ရတယ်ဆိုရင် ကုန်ကြမ်းရောင်းတာထက်စာရင် အမြတ်အစွန်းမှာ နည်းနည်းပိုရတာပေါ့နောက် ဈေးကွက်ကလည်းပိုပြီးတော့ ခိုင်မာတယ်။" လို့ ရန်ကုန် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ကုန်စည်ဒိုင်) ဒု-ဥက္ကဋ္ဌ (၄) ဒေါက်တာမျိုးလွင်က ပြောပါတယ်။

အိန္ဒိနိုင်ငံနဲ့ တရုတ်နိုင်ငံကိုတော့ ပဲတင်ပို့ရာမှာ နယ်စပ်ကုန်သွယ်ရေးကနေ ကုန်ကြမ်းအနေနဲ့သာ တင်ပို့နေကြတာဖြစ်ပြီး မြန်မာနိုင်ငံကထွက်ရှိတဲ့ ပဲပမာဏအားလုံးကို ၈၅% ကို အိန္ဒိယကိုသာ အဓိကထားတင်ပို့တယ်လို့ သိရတယ်။

"ကုန်ကြမ်းနဲ့ ကုန်ချောကတော့ ကွာတာပေါ့။ ကုန်ကြမ်းဆိုတော့ ကုန်ကြမ်းဈေးပဲပေးတာပေါ့။ ကုန်ချောဆိုတော့ ကိုယ်ကသန့်စင်တယ်၊ Size လှအောင်လုပ်တယ်။ ပြုပြင်ထိန်းသိမ်းအခွန်ချွတ်တယ် အခွန်ချွတ်စရာရှိချွတ် သေချာထုပ်ပိုးပြီးရောင်းတော့ ကုန်ကြမ်းနဲ့ ကုန်ချောနဲကတော့ တစ်တန်ပေါ်မှာ အဲလိုဒေါ်လာအနေနဲ့ တောင်မှ နှစ်ရာသုံးရာကွာပြီးတော့ရတယ်။ အလုပ်သမားတွေလည်း အလုပ်ရတယ်။ နောက်ဈေးကွက်လည်းပိုကောင်းတာပေါ့ တစ်ကမ္ဘာလုံးသိတယ်။" လို့  ဒေါက်တာမျိုးလွင်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးထွက်ကုန်ပြည်ပတင်ပို့မှုမှာ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် အမေရိကန်ဒေါ်လာ ၁၁၇၀၄.၃၉၃ သန်းရရှိခဲ့ပြီးပဲအမျိုးမျိုးအတွက် ပြည်ပတင်ပ့ိုမှုကတော့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ သန်းနီးပါးရရှိခဲ့တာ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေဝန်ကြီးဌာနရဲ့ ကုန်သွယ်ရေးစာရင်းတွေကနေသိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly