ရွှေတိဂုံတွင် နိုင်ငံခြားသားဧည့်ဝင်ကြေး ဇွန်လကစပြီး တိုးကောက်မည့်ကိစ္စကို ဆိုင်းငံ့ပြီး ဒီဇင်ဘာတွင် စကောက်ရန် စာတင်ထား

ရွှေတိဂုံတွင် နိုင်ငံခြားသားဧည့်ဝင်ကြေး ဇွန်လကစပြီး တိုးကောက်မည့်ကိစ္စကို ဆိုင်းငံ့ပြီး ဒီဇင်ဘာတွင် စကောက်ရန် စာတင်ထား

ရန်ကုန်၊ ဇွန်၂ ။            ။ ရွှေတိဂုံစေတီတော်တွင် နိုင်ငံခြားသားဧည့်သည်များထံမှ ဧည့်ဝင်ကြေး မြန်မာငွေ ရှစ်ထောင်ကျပ် ကောက်ခံနေပြီး အဆိုပါ ဧည့်ဝင်ကြေး ရှစ်ထောင်ကနေ   တစ်သောင်းကျပ်ကို တိုးကောက်ရန် ရွှေတိဂုံစေတီ ဂေါပကအဖွဲ့က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို စာတင်ထားကြောင်း ရွှေတိဂုံစေတီဂေါပကအဖွဲ့ရုံးက ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက မဇ္ဈိမကို ပြောသည်။

မူလက ဇွန်လတွင် စတင်တိုးမြှင့်ကောက်ခံရန် စီစဉ်ထားသော်လည်း သာသနာရေးဝန်ကြီးဌာနမှ ခြောက်လကြိုတင်အကြောင်းကြားရမည်ဖြစ်ကြောင်း အမိန့်ညွှန့်ကြားချက် ပို့ဆောင်ခဲ့၍ ဒီဇင်ဘာတွင် စတင်တိုးကောက်ခံနိုင်ရန် စာတင်ခဲ့ရကြောင်း ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောပြသည်။

"ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနကနေပြီးတော့ ယဉ်ကျေးမှုဝန်ကြီးဌာနကနေပြီးတော့ တကယ်လို့တိုးကောက်မယ်ဆိုရင် ခြောက်လကြိုပြီးတင်ရပါတယ်ဆိုတဲ့ သူတို့ရဲ့ အမိန့်ညွှန်ကြားချက်ကိုပြပါတယ်။ ဧည့်ဝင်ကြေးများနဲ့ပတ်သတ်ပြီးတော့ တကယ်လို့တိုးကောက်မယ်ဆိုရင် အနည်းဆုံးခြောက်လတင်ရပါဆိုတော့ ကျွန်တော်တို့က ငါးလပိုင်းမှာပြန်တင်ထားပါတယ်။ ဒီခြောက်လပိုင်းမှကောက်မယ့်ကိစ္စက ကျွန်တော်တို့ဆိုင်းငံ့ထားလိုက်ပါတယ် ကျွန်တော်တို့ ၁ရက် ၁၂လမှာ တိုးကောက်ပါမယ်ဆိုပြီးတော့ ခြောက်လကျွန်တော်တို့က ကြိုတင်ထားရပါတယ်"ဟု လက်ရှိဧည့်ဝင်ကြေးတိုးကောက်မည့်ကိစ္စနှင့်ပတ်သက်ပြီး ရွှေတိဂုံစေတီဂေါပကအဖွဲ့ရုံးမှ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောသည်။

ဧည့်ဝင်ကြေးကောက်ခံရသည့် ဌာနများတွင် ဝန်ထမ်းများအား ငွေပေးမကိုင်ဘဲ ပုံးထဲသို့ ဧည့်ဝင်ကြေးထည့်သွင်းရသည့်စနစ်ကို အသုံးပြုနေခြင်းဖြစ်သည်။ သို့သော်နိုင်ငံခြာသားဧည့်ဝင်ကြေးသည် ရှစ်ထောင်ကျပ် ဖြစ်သည့်အတွက် ဧည့်ဝင်ကြေးကောက်ခံရာ ဌာနများတွင် ပိုက်ဆံပြန်အမ်းငွေပေးထားရပြီး အဲဒီပြန်အမ်းငွေနဲ့ပတ်သက်ပြီး အရှုပ်အရှင်းပြဿနာများ ရှိနေသောကြောင့် ယခုကဲ့သို့ ဧည့်ဝင်ကြေးတစ်သောင်းကျပ် ကောက်ခံရန် စီစဉ်ရခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

"တိုးကောက်တာကတော့ ငွေပိုလိုချင်လို့မဟုတ်ဘူး။ သို့သော်လည်းပဲ ပိုရနိုင်တဲ့ အခြေအနေရှိပါတယ် ဒီငွေသည် စီမံခန့်ခွဲမှုငွေဖြစ်ပါတယ် ဘုရားကြီးမှာ ငွေနှစ်မျိုးထားရှိပါတယ် ဘုရားအတွက် အလှူတော်ငွေဆိုပြီးတော့ရှိပါတယ် အဲ့တာကတော့ အလှူခံဌာနတို့ အလှူခံပုံးတို့ကနေပြီးတော့မှ ဒါဘုရားကိုရည်စူးပြီးလှူတဲ့အလှူငွေဖြစ်တဲ့အတွက် ဒီဟာကို ဘုရားအတွက်ဝေရာဝစ္စ ကိစ္စတွေမှာသုံးပါတယ် အဆောက်အဦးပြင်တာတို့ ကိစ္စတွေမှာ သုံးပါတယ်။ ခုနစီမံခန့်ခွဲမှုငွေဆိုသည့် နိုင်ငံခြားဧည့်ဝင်ကြေးကအစ ဆိုင်ခွန်ဆိုင်ခတွေ ကားဝင်ကြေးတွေ ဒါတွေကတော့ စီမံခန့်ခွဲမှုငွေ ဖြစ်ပါတယ်"ဟု ရွှေတိဂုံစေတီဂေါပကအဖွဲ့ရုံးမှ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ဆိုသည်။

နိုင်ငံခြားသားဧည့်ဝင်ကြေး၊ ဆိုင်ခန်းခ နှင့် ကားဝင်ကြေး စသည်မှ ရရှိသောငွေများသည် စီမံခန့်ခွဲမှုငွေများဖြစ်ပြီး ရွှေတိဂုံစေတီရှိ ဝန်ထမ်းများ၏ လစာနှင့် ထောက်ပံ့ကြေးအတွက် အသုံးပြုနေခြင်းဖြစ်သည်။ ယခင်ခေတ်များတွင် နိုင်ငံခြားသားဧည့်ဝင်ကြေးကို အမေရိကန်ဒေါ်လာ ငါးဒေါ်လာကောက်ခံပြီး ၂၀၁၃ အောက်တိုဘာလမှစတင်ကာ ရှစ်ဒေါ်လာ ၂၀၁၄ ဧပြီလကစ၍ ယခုအချိန်အထိ မြန်မာငွေ ရှစ်ထောင်ကျပ် ကောက်ခံနေသည်။ ရွှေတိဂုံစေတီတော်သို့ လာရောက်နေသည့် နိုင်ငံခြားသားဧည့်သည် အရေအတွက်သည် တစ်လျှင် အနည်းဆုံး သုံးသောင်းရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly