စာသင်ကျောင်းမြေ ပြန်မပေးသည့် သမဝါယမအသင်းစုအား ပညာရေးဝန်ကြီးဌာနက တရားစွဲမည်

စာသင်ကျောင်းမြေ ပြန်မပေးသည့် သမဝါယမအသင်းစုအား ပညာရေးဝန်ကြီးဌာနက တရားစွဲမည်
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇွန်၂၊ ၂၀၁၇ခုနှစ်)။ ။ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ကျော်ကတည်းက မြို့နယ်သမဝါယမအသင်းသို့ ငှားရမ်းထားသော ဧကဝက်နီးပါး ကျယ်ဝန်းသည့် မကွေးတိုင်း၊ ကံမမြို့ရှိ အစိုးရအထက်တန်းကျောင်းဟောင်းမြေအား ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း မရှိသည့်အတွက် တရားစွဲဆိုသွားမည်ဟု ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောဆိုလိုက်သည်။

ကံမမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဘုတ်စကူးကျောင်းအမည်ပေါက် အထက်တန်းကျောင်းဟောင်းမြေအား ၁၉၇၅ခုနှစ်တွင် မြို့နယ်သမဝါယမအသင်းသို့ တစ်လလျှင် ၃၀၀ကျပ်နှုန်းဖြင့် လပေါင်း ၂၀အတွက် ကျပ် ၆၀၀၀ ဖြင့် ငှားရမ်းခဲ့ရာမှ ယခုအချိန်ထိ ပြန်လည်လွှဲပြောင်းပေးခြင်းမရှိသည့်အပေါ် ဝန်ကြီးဌာနက တရားစွဲဆိုသွားရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။

“ပညာရေးဝန်ကြီးဌာနအနေနဲ့ ဆက်လက်ပြီး ကံမမြို့နယ်၊ သမဝါယမအသင်းစုသို့ သက်ဆိုင်ရာ ဥပဒေများနှင့်အညီ တရားစွဲဆို ဆောင်ရွက်မည်ဖြစ်ပါကြောင်းနှင့် တရားရုံး၏ အဆုံးအဖြစ်ကို လိုက်နာ ဆောင်ရွက်သွားမည်” ဟု ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဇွန်လ ၂ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောသည်။

ကံမမြို့နယ်ရှိ သမဝါယမအသင်း လက်ဝယ်ရောက်ရှိနေသော ကံမမြို့၊ အမှတ် ၂ရပ်ကွက်၊ ဦးပိုင်အမှတ်-၁၃၂၊ မြေကွက်အမှတ်-၉၂၁၊ မြေဧရိယာ ဝဒဿမ ၄၃ ဧကပေါ်ရှိ မြို့မြေအမျိုးအစား ဘုတ်စကူးကျောင်းအမည်ပေါက် အစိုးရအထက်တန်းကျောင်းဟောင်းမြေနှင့် မြေပေါ်ရှိ အဆောင်အဦများအား ပညာရေးဝန်ကြီးဌာနမှ ပြန်လည်ရရှိရေး မည်သို့ ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း ကံမမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးစိန်ဟန်၏ မေးမြန်းမှုအပေါ် ပညာရေးဝန်ကြီးဌာနက လွှတ်တော်သို့ အထက်ပါအတိုင်း လာရောက် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဘုတ်စကူးကျောင်းအား ၁၉၄၅ခုနှစ်တွင် မူလတန်းကျောင်းအဖြစ်မှ ၁၉၅၂ခုနှစ်တွင် အထက်တန်းကျောင်းအဖြစ် တိုးမြှင့်ခဲ့ပြီးနောက် ၁၉၇၃ခုနှစ်တွင် ဒဿမတန်း စာစစ်ဌာနအဖြစ် အသုံးပြုခဲ့သည်ဟု ဦးစိန်ဟန်က လွှတ်တော်တွင် ပြောသည်။

ယင်းနောက် ၁၉၇၄ခုနှစ်တွင် ကျောင်းသူ၊ ကျောင်းသားများ များပြားလာ၍ ကျောင်းဆောင်သစ်ထပ်မံဆောက်လုပ်ကာ မူလတန်းကျောင်းသားများကို အဆိုပါ ကျောင်းဆောင်ဟောင်းတွင် ထားခဲ့ရာမှ ၁၉၇၅ခုနှစ်တွင် မြို့နယ်သမဝါယမအသင်းသို့ တစ်လ ၃၀၀ကျပ်နှုန်းဖြင့် လပေါင်း ၂၀ ငှားရမ်းခဲ့ခြင်းဖြစ်ပြီး “အဲ့ဒီနောက်ပိုင်းကတည်းက နောက်ထပ် ငှားရမ်းခလည်း တစ်ပြားတစ်ချပ်မှ မရခဲ့ပါဘူး” ဟု ဦးစိန်ဟန်က ဆိုသည်။

တဖြည်းဖြည်း ကျောင်းသူ၊ ကျောင်းသားများ များပြားလာပြီးနောက် ကျောင်းဆောင် လိုအပ်ချက်အရ ၁၉၉၅ခုနှစ်ကစပြီး ပြန်လည်တောင်းခံခဲ့သော်လည်း ယခုအချိန်ထိ ညှိနှိုင်းမှုများ အဆင်မပြေခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းကိစ္စအား လက်ရှိ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ကိုယ်တိုင် ယမန်နှစ်က ညှိနိုင်းခဲ့သော်လည်း အဆင်ပြေမှု မရှိခဲ့ပေ။

“ယခုအခါ ကျောင်းဆောင်ဟောင်းမှာ အရက်ဆိုင်များ၊ ဘီယာဆိုင်များ၊ ဆိုင်ခန်းများ၊ လူနေအိမ်များ ငှားရမ်းပြီးတော့ အခကြေးငွေကို နိုင်ငံတော်သို့မသွင်းဘဲ လူနည်းစုကိုယ်ကျိုးအတွက် အသုံးပြုနေခြင်းသည် ကံမမြို့နယ် ကျောင်းသူ၊ ကျောင်းသားများ ပညာသင်ကြားရေးကို အနိုင်ကျင့်နေတာ ဖြစ်ပါတယ်” ဟု ဦးစိန်ဟန်က ပြောသည်။

အရက်ဆိုင်၊ ဘီယာဆိုင်များသည် စာသင်ကျောင်း၊ ဘုရား၊ ကျောင်းကန်များနှင့် ကိုက် ၃၀၀အကွာတွင် ရှိရမည်ဟူသည့် တည်ဆဲဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာ ရောက်နေသည်ဟုလည်း ၎င်းက ဆိုသည်။

သမဝါယမဝန်ကြီးဟောင်း ဦးကျော်ဆန်းကိုယ်တိုင် အဆိုပါ အစိုးရအထက်တန်းကျောင်းမြေသည် သမဝါယမပိုင်မြေမဟုတ်ကြောင်း ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ပြောဆိုခဲ့ဖူးသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း အဆိုပါ အစိုးရအထက်တန်းကျောင်းမြေ ပြန်လည် ပြန်လည်ရရှိရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ သမဝါယမဦးစီးဌာနသို့ တင်ပြခဲ့သော်လည်း အသင်းစု၏ ကိစ္စအဝဝကို ဆုံးဖြတ်ဆောင်ရွက်ခြင်းမရှိဟု အကြောင်းပြန်ကြားလာသည်ဟု ပညာရေးဒုဝန်ကြီး ဦးဝင်းမော်ထွန်းက လွှတ်တော်တွင် ပြောသည်။

“ပညာရေးဝန်ကြီးဌာနအနေနဲ့ မြို့နယ်အဆင့် ဆောင်ရွက်မှု စုစုပေါင်း ၄ကြိမ်၊ ဆောင်ရွက်ခဲ့ပါတယ်။ နောက် တိုင်းအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ကိုယ်တိုင် ဝင်ရောက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သော်လည်း ယခုအချိန်ထိ ပြေလည်မှု မရရှိပါ” ဟု ဦးဝင်းမော်ထွန်းက ဆိုသည်။

ထို့ကြောင့် ဥပဒေနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ပြီး တရားစွဲဆိုမည့် ကုန်ကျစရိတ်ကိုလည်း ဝန်ကြီးဌာနက ကျခံသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly