ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံး၌ လယ်ယာမြေအမှုပေါင်း ၂၀၀၀နီးပါးရှိ

ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံး၌ လယ်ယာမြေအမှုပေါင်း ၂၀၀၀နီးပါးရှိ

ရန်ကုန်၊ ဇွန်၁ ။             ။ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးတွင် လယ်ယာမြေအမှုပေါင်း ၂ထောင်နီးပါးရှိနေကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းမြင့်၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သိမ်းဆည်းခံလယ်ယာမြေများအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများကို အသိပေးသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

"အရှေ့ပိုင်းခရိုင်မှာ အမှုတွဲပေါင်း ၉၇၁တွဲရှိပါတယ်။ အနောက်ပိုင်းခရိုင်မှာ ၁၇၁တွဲရှိပါတယ် တောင်ပိုင်းခရိုင်မှာတော့ ၁၅၉တွဲရှိပါတယ် မြောက်ပိုင်းခရိုင်မှာတော့ ၅၈၆တွဲရှိပါတယ်။ စုစုပေါင်း ရန်ကုန်တိုင်းဒေသကြီးမှာ ကျွန်တော်တို့ ၁၉၀၅တွဲ ရှိပြီး"ဟု လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနက တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းမြင့်က ဆိုသည်။

အဆိုပါ အမှုတွဲများသည် လယ်သမားများမှ တိုင်ကြားခြင်းဖြစ်ပြီး တချို့ကို ပေးလျော်ထားပြီးဖြစ်သော်လည်း လျော်ကြေးထပ်မံတောင်းဆိုနေခြင်းမျိုးလည်း ရှိနေသည်ဟု သူကပြောသည်။

"မြေသိမ်းဥပဒေနဲ့အညီ သိမ်းဆည်းခြင်း ရှိမရှိပေါ့ ရှိခဲ့တယ်ဆိုရင်တော့ ကျွန်တော်တို့ လျော်ကြေးနဲ့ပတ်သတ်ပြီးတော့ မစဉ်းစားတော့ဘူး သို့သော်လည်းပဲ ဟိုခေတ်ကဆို မြေဝယ်တဲ့တန်ဖိုးရဲ့ ဆယ်ဆ ဆယ့်နှစ်ဆ လောက်ပဲလျော်တဲ့အခါမှာ မြေတန်ဖိုးတက်လာတဲ့အခါမှာ ကာလပေါက်ဈေးကို ရချင်တဲ့အခါကျတော့ တရားမ တိုင်ကြားမှုတွေ အများကြီးရှိလာတာကိုလည်း တွေ့ရပါတယ်"ဟု လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနက ဦးသန်းမြင့် က ရှင်းပြသည်။

ယခင်က မြေသိမ်းမှုတချို့တွင် မြေ၊ သီးနှံများကို အစားထိုးလျော်ကြေး ပေးဆောင်မှုများ ရှိခဲ့သည်။

မြေသိမ်းမှုများသည် မြို့သစ်တွေတိုးချဲ့ဆောက်ရန်အတွက် အများဆုံးသိမ်းယူခံရခြင်းဖြစ်သည်။

၁၉၈၉ခုနှစ်မှ ၁၉၉၆ခုနှစ်အထိ မြို့သစ်ခြောက်ခု တိုးချဲ့ခဲ့ရာတွင်လည်း မြို့မြေအတွက် ဧကတစ်သိန်းကျော် သိမ်းယူခဲ့သည်။     

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly