မောင်တောတွင် အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့သူ နှစ်ဦးနှင့် မသင်္ကာသူ ၅ ဦးအား ဖမ်းဆီးရမိ

မောင်တောတွင် အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့သူ နှစ်ဦးနှင့် မသင်္ကာသူ ၅ ဦးအား ဖမ်းဆီးရမိ
ဓာတ်ပုံ - (နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဇွန်လ ၁ ။            ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် သရေကုန်းတန်း (အနောက်ရွာ)မှ အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့သူ နှစ်ဦးနှင့် မသင်္ကာသူ ၅ ဦးအား နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၃၁ ရက်၊ နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။

မောင်တောမြို့နယ်တွင် မေလ ၂၉ ရက်က နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်စဉ် ဖမ်းဆီးရမိခဲ့သည့် သရေကုန်းတန်း (အနောက်ရွာ)နေ အဒူရာမန်ဆိုသူအား စစ်ဆေးရာမှ အကြမ်းဖက်စစ်သင်တန်း တက်ရောက်ခဲ့သူ နှစ်ဦးနှင့် မသင်္ကာသူများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် အဒူရာမန်ဆိုသူအား စစ်ဆေးချက်အရ ၎င်းမှာ လေယာဉ်ကွင်းကျေးရွာမှ ရာအိမ်မှူး နှစ်ဦးအား လုပ်ကြံသတ်ဖြတ်ရန် စီစဉ်နေခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၆ လခန့်မှစကာ တစ်ရွာတည်းနေ ဂျော်ဒီဟူဆောဆိုသူ၏ နေအိမ်တွင် ၎င်းတို့ အဖွဲ့ဝင် ၁၂ ဦးအား စစ်သင်တန်းများ သင်ကြားပေးခဲ့သည်ဟု ထွက်ဆိုခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းထွက်ဆိုချက်များအရ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၃၁ ရက်၊ မနက်ပိုင်းတွင် သရေကုန်းတန်း (အနောက်ရွာ)မှ အကြမ်းဖက် စစ်သင်တန်းများ တက်ရာက်ခဲ့သူများနေအိမ်အား ဝင်ရောက်ရှာဖွေရာ အသက် ၁၉ နှစ်အရွယ် ရှော်ရှီးဒူးလ္လာ (ခ)ရှော်ရိတူလ္လာဆိုသူနှင့် ဖူတူးယာ(ခ) အေနာတူလ္လာဆိုသူတို့ နှစ်ဦးအား ဖမ်းဆီးရ မိခဲ့ခြင်းဖြစ်သည်။

ထိုသို့ စစ်ဆေးဖမ်းဆီးနေစဉ် မသင်္ကာဖွယ် အသက် ၅၅ နှစ်အရွယ် ဆော်လီမူလာအပါ ၅ ဦးမှာထွက်ပြေးသွားသဖြင့် ထပ်မံဖမ်းဆီးခဲ့ကာ အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့သူနေအိမ်များမှ အရိုးအသွား ၁၂ လက်မရှိ ဓားဦးချွန်နှစ်ချောင်း၊ အရိုးအသွား သုံးပေကျော်ရှိ ဓားရှည်တစ်ချောင်းတို့ကို သိမ်းဆည်းခဲ့ကာ လက်ရှိတွင် ၎င်းတို့ကို စစ်ဆေးနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly