စာသင်ကျောင်းများတွင် ကျန်းမာရေးနှင့် မညီညွတ်သည့် မုန့်များ ရောင်းချမှုမပြုရန် တောင်းဆို

စာသင်ကျောင်းများတွင် ကျန်းမာရေးနှင့် မညီညွတ်သည့် မုန့်များ ရောင်းချမှုမပြုရန် တောင်းဆို

မင်းဘူး၊ ဇွန် ၁ ။             ။ မြန်မာနိုင်ငံ တဝှမ်းလုံးက စာသင်ကျောင်းများရှိ ကျောင်းမုန့်ဈေးတန်းများတွင် ကျန်းမာရေးနှင့် မညီညွတ်သော ပြည်တွင်း၊ ပြည်ပမှ တရားမဝင် ထုတ်လုပ်ရောင်းချနေသည့် မုန့်များ ရောင်းချမှုမပြုကြရန် ဇွန်လ ၁ရက်က တောင်တွင်းကြီးမြို့ မုန့်တိုက်ပွဲဦးဆောင်သူများက တောင်းဆိုလိုက်သည်။

၂၀၁၇ ဇွန်လ ၁ရက်မှစ၍ တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများ စတင်ဖွင့်လှစ်ပြီး ကျောင်းမုန့်ဈေးတန်းများမှ မုန့်ဆိုင်များလည်း စတင်ရောင်းချနေပြီဟု မုန့်တိုက်ပွဲ ဦးဆောင်သူများကပြောသည်။

"အဓိကကတော့ ကလေးတွေစားတဲ့ အစားအသောက်တွေ ထုတ်လုပ်ရောင်း ချသူတွေရဲ့ လောဘနဲ့ အစားအသောက်တွေကို အန္တရာယ်ရှိတဲ့ပစ္စည်းတွေကို ထည့်သွင်းထုတ်လုပ်ရောင်းချနေတာတွေ၊   နောက်တခုက ဆရာ/ဆရာမတွေက ကျောင်းတွေမှာ ကြီးကြပ်မှု အားနည်းနေတာတွေ၊သက်ဆိုင်ရာ တာဝန်ရှိသူတွေ ကြီးကြပ်မှု အားနည်းနေတာတွေကြောင့် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်ကလေးတွေမှာ ဒီအန္တရာယ်ရှိတဲ့ အစားအသောက်တွေကို နေ့စဉ်စားသောက်နေရမယ်ဆိုရင် ကလေးတွေမှာသာ ရောဂါပေါင်းစုံနဲ့ အညွန့်တုံးမယ့် အလားအလာ ဖြစ်နေတယ်။ ဒါကြောင့် ကလေးတွေ စားသောက်တဲ့ အစားအစာတွေကို အန္တရာယ် ကင်းရှင်းအောင် ဆောင်ရွက်ပေးကြပါ၊ ရောင်းချတဲ့သူက ရောင်းချတဲ့အပိုင်းပေါ့ ထုတ်လုပ်သူက ထုတ်လုပ်သူ အပိုင်းပေါ့ ကြီးကြပ်တဲ့ဆရာဆရာမတွေ တာဝန်ရှိသူတွေက ကိုယ်အပိုင်းနဲ့ကိုယ် ကလေးတွေအတွက် ကယ်ပေးကြပါလို့ တောင်းဆိုတာပါ"ဟု မုန့်တိုက်ပွဲ ဦးဆောင်သူ ဒေါက်တာကျော်ဆွေက ပြောသည်။

သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ စာသင်ကျောင်းအသီးသီးမှ ကျောင်းအုပ်ဆရာကြီးများနှင့် ကျောင်းကော်မတီဝင်တာဝန်ရှိသူများအနေဖြင့် ကလေးငယ်များဝယ်ယူစားသုံးနေသော ဓာတုဆိုးဆေး၊ ပါဝါဆေးသကြားများ အလွန်အကျွံ အသုံးပြုထားသည့် မုန့်ပဲသွားရည်စာများတွင် ကျန်းမာရေးနှင့် ညီညွတ်မှု မရှိသည့်မုန့်များ ရောင်းချပေးနေခြင်းများအား ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် တားဆီးပိတ်ပင်ပေးပါရန် ကျောင်းသားကျောင်းသူ မိဘများကလည်း တောင်းဆိုထားကြသည်။

"သားသမီးတွေရဲ့ ပညာရေး စိတ်အေးနိုင်ပေမယ့် ကျောင်းဈေးဆိုင်တွေမှာ ရောင်းချနေတဲ့ မုန့်တွေအတွက် စိတ်မအေးနိုင်ပါဘူး။ ကိုယ့်သားသမီးကို အိမ်ကမုန့်ပဲထည့်ပေးလိုက်ပေမယ့် သူငယ်ချင်းတွေလို ပိုက်ဆံကိုင်ပြီး မုန့်ဆိုင်သွား မုန့်ဝယ်စားတာကို အားကျစိတ်ဖြစ်နေတော့ မုန့်ဖိုးပေးဖို့ ပူဆာတယ်လေ။ မုန့်ဖိုးပေးလိုက်ရင်လည်း မတည့်တဲ့မုန့်တွေ စားမိမှာစိုးလို့ စိတ်ပူနေရတယ်။ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းတွေ၊ ကျောင်းအုပ်ဆရာကြီးနဲ့ ဆရာဆရာမတွေကလည်း ကျောင်းမုန့်ဆိုင်တွေကို ကြပ်မတ်စစ်ဆေး ပေးသင့်ပါတယ်" ဟု တောင်တွင်းကြီးမြို့ အုန်းတော(၂)ရပ်ကွက်နေ   ကျောင်းသားမိဘ ဦးအောင်ကျော်ကျော်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly