မြန်မာနှင့် ကမ္ဘောဒီးယားမှ လူမှောင်ခိုကူးခံရသူများပါသည့် ကျွန်ငါးဖမ်းသင်္ဘောကို ပါပူဝါနယူးဂီနီတွင် ဖမ်းမိ

မြန်မာနှင့် ကမ္ဘောဒီးယားမှ လူမှောင်ခိုကူးခံရသူများပါသည့် ကျွန်ငါးဖမ်းသင်္ဘောကို ပါပူဝါနယူးဂီနီတွင် ဖမ်းမိ

မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားတို့မှ လူမှောင်ခိုများကို တင်ဆောင်လာသည့် ထိုင်းငါးဖမ်းသင်္ဘောတစ်စီးကို တော်ရီရေလက်ကြား သြစတြေးလျရေပိုင်နက်အနီး နိုင်ငံတကာရေပိုင်နက်တွင် ပါပူဝါနယူး ဂီနီနိုင်ငံက ဖမ်းဆီးရမိခဲ့သည်။

ယင်းသင်္ဘောပေါ်တွင် အတင်းအဓမ္မ ကျွန်ပြုစေခိုင်းထားသူ ရှစ်ဦးကို ကယ်တင်နိုင်ခဲ့ပြီး ကျန်သင်္ဘောသား ၂၀ ခန့်ကိုလည်း ယင်းသို့ ကျွန်ပြုစေခိုင်းခြင်းခံရဖွယ်ရှိသူများဖြစ်ကာ စစ်ဆေးမေးမြန်း မှုများ ပြုလုပ်နေကြောင်း ပါပူဝါနယူးဂီနီဝန်ကြီးချုပ် ပီတာအိုနေးက အတည်ပြုပြောကြားသည်။

"ကျွန်တော်တို့က ကျွန်ပြုစေခိုင်းခြင်းခံနေရသူ ရှစ်ဦးကို ကယ်တင်ခဲ့တယ်။ ကျန် သင်္ဘောသား ၁၉ ဦးကလည်း အလားတူပဲ အတင်းအကျပ်ခိုင်းစေခြင်းခံနေရသူတွေ ဖြစ်နိုင်တယ်။ ကျွန်တော်တို့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေပါတယ်။"ဟု ဝန်ကြီးချုပ် အိုနေးက ပြောသည်။

ထိုင်းငါးဖမ်းသင်္ဘော Blissful Reefer ကို တောရီရေလက်ကြားကို ဖြတ်သန်းစဉ် ဒါရူတွင် ကြားဖြတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

"ခုလိုဖမ်းဆီးမိလို့ နိုင်ငံရဲ့ရေပိုင်နက်အတွင်းမှာ အတင်းအဓမ္မစေခိုင်း ကျွန်ပြုခြင်းတွေရှိနေတဲ့ အခြားသင်္ဘောတွေကိုလည်း သတိပေးလိုက်တာပါပဲ။"ဟု အိုနေးက ပြောသည်။

ယခုသင်္ဘေားအား ပြီးခဲ့သည့် တနင်္လာနေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ "သင်္ဘောပေါ်မှာ ကျွန်ပြုစေခိုင်းခြင်းခံရသူတွေက မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေ ဖြစ်ပါတယ်။ သူတို့ကို မိခင်နိုင်ငံရင်းက ပြန်ခေါ်ဖို့ သဘောတူတဲ့အထိ လုံခြုံစွာ စောင့်ရှောက်ထားမှာ ဖြစ်ပါတယ်။"ဟုအိုနေးကပြောသည်။

"ကပ္ပတိန်အပါအဝင် သင်္ဘောအမှုထမ်း ၁၉ ဦးပါတဲ့ Blissful Reefer သင်္ဘောကို မိုရီစဘေးဆိပ်ကမ်းသို့ ခေါ်ဆောင်လာပြီး နောက်ထပ်စစ်ဆေးမေးမြန်းမှုတွေလုပ်ဆောင်လျက်ရှိနေပါတယ်။"ဟု ၎င်းကပြောခဲ့သည်။

Ref: SBS

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required