သင်္ယန်းကျွန်းမြို့နယ်ရှိ ကျောင်းတချို့တွင် သတ်မှတ်ကျောင်းသားဦးရေပြည့်သွား၍ ကျောင်းသားသစ်အပ်နှံမှုတွင် အခက်အခဲရှိနေ

သင်္ယန်းကျွန်းမြို့နယ်ရှိ ကျောင်းတချို့တွင် သတ်မှတ်ကျောင်းသားဦးရေပြည့်သွား၍ ကျောင်းသားသစ်အပ်နှံမှုတွင် အခက်အခဲရှိနေ

ရန်ကုန်၊ ဇွန်၁ ။            ။ သင်္ယန်းကျွန်းမြို့နယ်ထဲတွင် ရှိသည့် ကျောင်းတစ်ချို့တွင် ၂၀၁၇-၁၈ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံဖို့ရာ သတ်မှတ်ထားသည့် ကျောင်းသားပမာဏ   ကျော်လွန်နေသောကြောင့် ကျောင်းသားမိဘများအနေဖြင့် အဆင်မပြေမှုများ ရှိနေကြောင်း သင်္ယန်းကျွန်းမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောသည်။

ယခုလိုပြဿနာမျိုးကို အဓိကအားဖြင့် KGတန်းနှင့် ကျောင်းလာအပ်သည့် ကျောင်းသားသစ်များတွင် တွေ့ကြုံနေရခြင်းဖြစ်ပြီး မိဘများက ကိုယ့်စိတ်ကြိုက်ကျောင်းတစ်ခုတည်းကိုသာ   ရွေးချယ်အပ်နှံနေသောကြောင့် ယခုလိုဖြစ်ရခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။

"KGမှာ အရင်တုန်းကဆို အများကြီးလက်ခံတယ်ပေါ့။ ၁၆၀လောက် ဒီမှာလက်ခံတယ်ပြောတယ် အခုကျတော့ တစ်တန်းကို ၄၅ယောက်ပဲ ကန့်သတ်လိုက်တဲ့အခါကျတော့ KGရဲ့သင်ရိုးပြောင်းသွားတယ်။ တစ်တန်း၄၅ယောက်ပဲလက်ခံပါလို့ ညွှန်ကြားတဲ့အခါကျတော့ အခုက၁၃၅ယောက်ပဲလက်ခံတဲ့အခါမှာ လက်ခံနိုင်တဲ့ပမာဏကနည်းသွားတယ် နောက်တစ်ခုက အပေါ်ကအတန်းတွေပေါ့နော် တစ်တန်းသမားက နှစ်တန်းကိုတက်သွားတဲ့အခါကျတော့ ကျောင်းသားဟောင်းတွေ အတွက်ကတော့ အမြဲပုံမှန်ရှိနေတယ်ပေါ့နော် တစ်တန်း၊ နှစ်တန်း၊ သုံးတန်းသမားတို့ကျတော့ လူအသစ်ထပ်ဖြည့်ဖို့အရေး အကြပ်အတည်းဖြစ်သွားတာ အရင်ကျောင်းသားဟောင်းတွေကပဲ ပြည့်ပြီးသားဖြစ်နေတယ်။ လူသစ်ထပ်ထည့်မယ့် အနေအထားလေးမှာ တော်တော်လေး အကြပ်အတည်းဖြစ်သွားတာ အဲ့မှာ အပ်ချင်တဲ့သူနဲ့ အပ်လို့မရတဲ့အခြေအနေနဲ့ သွားတွေ့တဲ့အခါမှာ နည်းနည်းလေးမကျေမနပ်မှုတွေ ဖြစ်တာပေါ့နော်"ဟု သင်္ယန်းကျွန်းမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောပြသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး သင်္ကန်းကျွန်း အ.လ.က (၅) ကျောင်းအုပ်ဆရာမကြီးနှင့် မြို့နယ်ပညာရေးမှူးတို့က ကျောင်းသားများ ကျောင်းမတက်လိုက်ရတာ မဖြစ်စေရဘူးဟု ဆိုသည်။

"ကျောင်းဖွင့်တဲ့အချိန်နောက်ပိုင်း တစ်ပတ်လောက်အတွင်းမှာပဲ ကျောင်းအပ်လို့ရအောင် စီစဉ်ပါမယ်ပေါ့နော် အကယ်၍ မျှအပ်လို့မှ ကျောင်းတွေအကုန်လုံးပြည့်သွားပြီဆိုရင် လူတွေကကျန်နေသေးတယ်ဆိုရင် ခုနကပြောတဲ့ ၄၅ယောက်အတန်းကို ၅၀ကိုတိုးပြီး စီစဉ်ပေးတာထိကို လုပ်ပေးပါမယ်လို့တော့ ပြောတယ်"ဟု သင်္ယန်းကျွန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပညာရေးမှူး၏ စကားကို ပြန်ပြောပြသည်။

ကိုယ့်မြို့နယ်ထဲတွင်ရှိသည့် ကျောင်းအပ်နှံသောအခါတွင် ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသည့်အတိုင်း မြို့နယ်ထဲ ပုံစ(၁၀) သန်းခေါင်စာရင်းဖြင့် နေသောသူများကို ပထမဦးစားပေးသတ်မှတ်လက်ခံမည် ဖြစ်သည်။ လက်ရှိတက်ရောက်နေသော ကျောင်းသားများ၏ ညီအစ်ကို မောင်နှမတော်စပ်တဲ့သူများကိုလည်း ဒုတိယဦးစားပေးသတ်မှတ်ထားပါသည်။

လက်ရှိတာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားများ၏ သားသမီးမြေးမြစ်များကိုလည်း ဦးစားပေးအနေဖြင့် သတ်မှတ်ပြီး ကျောင်းအပ်လက်ခံပေးနေသည် ဖြစ်သည်။

သို့သော် လက်ရှိအခြေအနေမှာ ပထမဦးစားပေးဖြစ်သည့် မြို့နယ်ထဲနေထိုင်သူများဖြင့် ကျောင်းအပ်ရာတွင် ကျောင်းသားပြည့်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly