ဒီမိုကရတ်သမ္မတလောင်းအဖြစ် ကလင်တန်နှင့် ယှဉ်ပြိုင်၍ အရွေးခံရန် အမေရိကန်ဒုသမ္မတ ဂျိုးဘိုင်ဒင် စဉ်းစားနေ

ဒီမိုကရတ်သမ္မတလောင်းအဖြစ် ကလင်တန်နှင့် ယှဉ်ပြိုင်၍ အရွေးခံရန် အမေရိကန်ဒုသမ္မတ ဂျိုးဘိုင်ဒင် စဉ်းစားနေ

ဝါရှင်တန်၊ သြဂုတ်-၂ ။       ။ အမေရိကန် ဒုသမ္မတ ဂျိုးဘိုင်ဒင်မှာ ဒီမိုကရတ်သမ္မတလောင်းနေရာအတွက် ထိပ်ဆုံးမှပြေးနေသူ ဟီလာရီကလင်တန်နှင့် ယှဉ်ပြိုင်အရွေးခံရန် အလေးအနက် စဉ်းစားနေ သည်ဟု သတင်းများတွင် ဖော်ပြထားသည်။

ဘိုင်ဒင်မှာ သားဖြစ်သူ မကျန်းမာစဉ်နှင့် သေဆုံးသွားသည့်ကာလအတောအတွင်း ဘာကိုမှ မစဉ်းစားနိုင်ဖြစ်ခဲ့ရာမှ ယခုလက်ရှိတွင် သမ္မတအဖြစ် ဝင်ရောက်အရွေးခံနိုင်မည့် ဖြစ်နိုင်ခြေများကို တက်ကြွ စွာ လေ့လာစဉ်းစားလာခဲ့သည်ဟု နယူးယောက်တိုင်းမ်သတင်းစာကြီးက ဖော်ပြခဲ့သည်။

ဘိုင်ဒင်ကို ဝန်းရံသူများက ၂၀၁၆ခုနှစ် သမ္မတရွေးပွဲအကြာင်း ပြန်လည်ဆွေးနွေးလာခဲ့ကြပြီး၊ မကြာသေးမီက ၎င်းတို့အချင်းချင်းကြားနှင့် ဒီမိုကရတ်အလှူရှင်များနှင့် စကားဝိုင်းများက ဘိုင်ဒင် အနေဖြင့်နောက်ဆုံးတွင် ကလင်တန်ကို ရင်ဆိုင်လိမ့်မည်ဟူသော ခန့်မှန်းချက်များ ထွက်ပေါ်လာစေခဲ့သည်။

သို့ရာတွင် ဘိုင်ဒင်ကမူ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု လူသိရှင်ကြား ကြေညာခြင်းမရှိသေးသည့်အပြင် ၎င်း၏ ရုံးအဖွဲ့သားများကိုလည်း မဲဆွယ်စည်းရုံးရေး စီမံကိန်းဆွဲရန် တစ်စုံတစ်ရာ ပြောကြားခြင်းမရှိသေးကြောင်း ဘိုင်ဒင်နှင့် နီးစပ်သည့် ပုဂ္ဂိုလ်များက ပြောကြားခဲ့သည်။

နယူးယောက်တိုင်းမ်သတင်းစာပါ ဆောင်းပါးအရမူ ဦးနှောက်ကင်ဆာဖြင့် အသက်ရှင်ရန် မဖြစ်နိုင်တော့သည့် သားဖြစ်သူ ဗျူက ဖခင်ဖြစ်သူ ဘိုင်ဒင်ကို ကလင်တန်နှင့် ယှဉ်ပြိုင်အရွေးခံရန် တိုက်တွန်းခဲ့သည့်အပြင် ဖခင်ဖြစ်သူဘိုင်ဒင်မှာ ကလင်တန်နှင့် နှိုင်းယှဉ်ပါက ပိုကောင်းသော သမ္မတဖြစ်လိမ့်မည်ဟုလည်း ပြောကြားခဲ့သည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly