တစ်ရက်အတွင်း နှစ်လုံးချဲထီလောင်းကစားနေသူ ၆ ဦးအား လောင်းကြေးငွေနှင့်အတူ မန္တလေးတွင်ဖမ်းမိ

တစ်ရက်အတွင်း နှစ်လုံးချဲထီလောင်းကစားနေသူ ၆ ဦးအား လောင်းကြေးငွေနှင့်အတူ မန္တလေးတွင်ဖမ်းမိ
ဓာတ်ပုံ - မန္တလေးတိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဇွန်လ ၁ ။             ။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ နှစ်လုံးချဲထီလောင်းကစားနေသူများဖြစ်သည့် အမျိုးသမီး လေးဦးနှင့် အမျိုးသား နှစ်ဦးကို သက်သေခံပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တစ်ရက်အတွင်းဖမ်းဆီးခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

လောင်းကစားသတင်းအရ မေလ ၃ဝ ရက်တွင် နွားထိုးကြီးမြို့နယ်၊ မိတ္ထီလာမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ရမည်းသင်းမြို့နယ် စသည့် ၆ မြို့နယ်မှ သက်ဆိုင်ရာ တာဝန်ကျရဲတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ ချဲထီလောင်းကစားနေသူများကို လောင်းကစားရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိခဲ့သည့် နှစ်လုံးချဲထီလောင်းကစားနေသူများမှာ အသက် ၄၈ နှစ်အရွယ် ဒေါ်ဝင်းနှင့် မမူ(ခ) မခင်ထွေးမူ၊ အသက် ၃၃ နှစ်အရွယ် မခင်လှဦး၊ အသက် ၃၄ နှစ်အရွယ် မခိုင်ဇာထွန်း(ခ) မခိုင်၊ အသက် ၃၄ နှစ်အရွယ် သိန်းထွန်းဦးနှင့် အသက် ၃၃ နှစ်အရွယ် ရဲလင်းဦးတို့ဖြစ်ပြီး ၎င်းတို့ ၆ ဦးထံမှာ လောင်းကြေးငွေ ကျပ် ၉ သိန်းကျော် (၉၃၁,၈ဝဝ) ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်လုံးချဲထီလောင်းကစားသူ ဒေါ်ဝင်းအပါ ၆ ဦးကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ ရဲစခန်းများတွင် လောင်းကစားပုဒ်မ - ၁၅ (က)/ ၁၆ (က) ဖြင့် အမှုဖွင့်အရေးယူစစ်ဆေးနေကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly