မန်ယူနှင့် အင်္ဂလန်ကို လွမ်းသော်လည်း ရီးယဲလ်တွင် အသက် ၄၀ အထိနေရန် စီရော်နယ်ဒို စီစဉ်ထား

မန်ယူနှင့် အင်္ဂလန်ကို လွမ်းသော်လည်း ရီးယဲလ်တွင် အသက် ၄၀ အထိနေရန် စီရော်နယ်ဒို စီစဉ်ထား

ဇွန် ၁၊ စပိန် ။             ။ ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုက မန်ယူအသင်းနဲ့အင်္ဂလန်မြေကို လွမ်းပေမယ့် ရီးယဲလ်အသင်းမှာ အသက် ၄၀ ကျော်အထိ ကစားသွားဖို့ စီစဉ်ထားတယ်လို့ ပြောဆိုလိုက်ပါတယ်။

လက်ရှိအချိန်မှာ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းနဲ့ကစားရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်အတွက် ရီးယဲလ်အသင်းဖော်တွေနဲ့ အတူ လေ့ကျင့်ခန်းပြုလုပ်လျက်ရှိနေပါတယ်။

စီရော်နယ်ဒိုနဲ့ ရီးယဲလ်အသင်းသားတွေအားလုံးဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ အပေါ့စားလေ့ကျင့်ခန်းတွေပြုလုပ်ခဲ့ကြပါတယ်။

အသက် ၃၃ နှစ်ထဲကို ရောက်နေပြီဖြစ်တဲ့ စီရော်နယ်ဒိုက ပရီးမီးယားလိဂ်မှာ ကစားခဲ့ရတာကို သတိရပေမယ့် လက်ရှိစပိန်မှာ ပျော်ရွှင်နေတယ်လို့ ပြောပါတယ်။

‘အခုစပိန်မှာ ပျော်ပါတယ်။ ဒါပေမဲ့ မန်ယူကိုလည်း သတိရပါတယ်။ ဘာကြောင့်လဲဆိုတော့ အမှတ်ရစရာကောင်းတဲ့ အတိတ်ဆိုတာ မေ့ပစ်လို့ မရပါဘူး။ ကျွန်တော် နောက်ဆုံးစာချုပ် ချုပ်ဆိုတုန်းက ပြောခဲ့သလိုပါပဲ အသက် ၄၁ နှစ်အရွယ်အထိ ရီးယဲလ်မှာ ကစားသွားလိုပါတယ်’ လို့ စီရော်နယ်ဒိုက ပြောပါတယ်။

စီရော်နယ်ဒိုဟာ ဒီရာသီမှာ ရီးယဲလ်အတွက် ၄၅ ပွဲ ပါဝင်ကစားပြီး ဂိုး ၄၀ သွင်းယူပေးထားပါတယ်။ ရီးယဲလ်နဲ့အတူ လာလီဂါဖလားကို ရရှိထားပြီ ဖြစ်ပြီး ချန်ပီယံလိဂ်ဖလားကို သုံးကြိမ်မြောက် ရရှိဖို့လည်း နီးစပ်နေပြီ ဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလားတစ်ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားတစ်ကြိမ် အပါအဝင် စုစုပေါင်းဆုဖလား ၉ ကြိမ် ရရှိခဲ့ပါတယ်။

ရီးယဲလ်အသင်းမှာတော့ လာလီဂါဖလား နှစ်ကြိမ်၊ ကိုပါဒယ်ရေးဖလားနှစ်ကြိမ်၊ ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်အပါအဝင် ဆုဖလားပေါင်း ၁၀ ကြိမ်ရရှိထားပါတယ်။ မန်ယူအသင်းမှာကစားစဉ်က ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို တစ်ကြိမ်ရခဲ့ပြီး ရီးယဲလ်မှာသုံးကြိမ်ရထားပါတယ်။

စနေနေ့ညမှာ ကစားရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာသာ ရီးယဲလ်က ဂျူဗင်တပ်စ်ကို အနိုင်ရခဲ့မယ်ဆိုရင် စီရော်နယ်ဒိုအနေနဲ့ ဆီးဒေါ့ဖ်၊ မက်ဆီ၊ အင်နီယေစတာတို့နဲ့အတူ ချန်ပီယံလိဂ်ဖလားကို လေးကြိမ်မြောက်ရရှိတဲ့ကစာသမားဖြစ်လာမှာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ထပ်မံရရှိဖို့လည်း အခြေအနေကောင်းသွားမှာ ဖြစ်ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required