ခရီးသည်တင်ကားနှစ်စီးတွင် ဝှက်ပြီးသယ်ယူလာသည့် ပိတောက်သစ်များ ရေပူတွင်ဖမ်းမိ

ခရီးသည်တင်ကားနှစ်စီးတွင် ဝှက်ပြီးသယ်ယူလာသည့် ပိတောက်သစ်များ ရေပူတွင်ဖမ်းမိ
ဓာတ်ပုံ - ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း

ရန်ကုန်၊ ဇွန်လ ၁ ။           ။ ခရီးသည်တင် မှန်လုံကားနှစ်စီးအတွင်း ဝှက်ပြီး တရားမဝင်သယ်ယူလာသည့် ပိတောက်သစ်များအား ဇွန်လ ၁ ရက်၊ နံနက် ၁ နာရီခန့်အချိန် ရေပူဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံ၊ အကောက်ခွန်ဦးစီး ဌာနရုံးချုပ်ဒုတိယ ညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က မဇ္ဈိမသို့ ပြောသည်။

ရေပူစစ်ဆေးရေးအဖွဲ့မှ ရှမ်းမင်းသား မှန်လုံယာဉ်ပေါ်တွင် သစ်များပါလာသည်ဟု သတင်းအရ စောင့်ဖမ်းခဲ့ခြင်း ဖြစ်ပြီး ဇွန်လ ၁ ရက်နေ့၊ နံနက် ၁ နာရီတွင် အဆိုပါကားကို တွေ့ရှိခဲ့ကာ ရှာဖွေစစ်ဆေးရာ ဝှက်ပြီး သယ်လာသည့် ပိတောက်သစ်များကို တွေ့ရှိခဲ့သဖြင့် သစ်များနှင့်အတူ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“ဒီကားကို ဖမ်းဆီးပြီးတဲ့အချိန်မှာ လမ်းကြောင်းတစ်လျှောက်ကိုယ်တို့အဖွဲ့ လိုက်စစ်တော့ အားသစ် မှန်လုံ ယာဉ်တစ်စီးက ဒီဘက်ကို လာတဲ့နေရာကနေပြီးတော့ လားရှိုးဘက်ကို ပြန်လှည့်ပြီး ရပ်ထားတယ်။ ကားကို သွားစစ်တဲ့အခါ ဒရိုက်ဘာက မရှိတော့ဘူး။ စပယ်ယာတစ်ယောက်ရှိတာ သူကို ကားမောင်းပြီး စခန်းလိုက်ခိုင်းတဲ့အခါ လမ်းမှာဆင်းပြေးသွားတယ်။ ဒီကားထဲမှာလည်း ပိတောက်သစ်တွေ ရှာဖွေဖမ်းဆီးရမိခဲ့တယ်”ဟု ဦးတက်ထွန်းအောင်က ပြောသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် ခရီးသည်တင်ကားနှစ်စီးနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ကို သိန္တွီမြို့မရဲစခန်းသို့ လွှဲပြောင်းသွားမည်ဖြစ်ပြီး ပိတောက်သစ်များကို လားရှိုးမြို့နယ်သစ်တောဦးစီးဌာနသို့ လွှဲပြောင်းသွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ နေ့စဉ်ကုန်တင်ကားပေါင်း ၅ဝဝဝ မှ ၆ဝဝဝထိ ဖြတ်သန်းသွားလာနေပြီး ဖြတ်သန်းနေသောကားများမှ တရားမဝင်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ၊ မှောင်ခိုကျောက်စိမ်းများနှင့် သစ်များ၊ အရည်အသွေးမမှီသည့် စားသောက်ကုန်များ၊ အခွန်မဲ့စားသောက်ကုန်စည်များနှင့် အသုံးအဆောင်ပစ္စည်းများကို ဇန်နဝါလ ၁၆ ရက်မှ စတင်ကာ ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းမှ ပူးပေါင်း စစ်ဆေးရေး ၁၂ ဖွဲ့ဖြင့် စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required