ဂျူဗင်တပ်အသင်းချန်ပီယံဖြစ်လျှင် ရွှေဘောလုံးဆုကို ဘတ်ဖွန်ရသင့်သည်ဟု ပီယာလိုပြော

ဂျူဗင်တပ်အသင်းချန်ပီယံဖြစ်လျှင် ရွှေဘောလုံးဆုကို ဘတ်ဖွန်ရသင့်သည်ဟု ပီယာလိုပြော

ဇွန် ၁၊ တူရင်။           ။ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရီးယဲလ်မက်ဒရစ်အသင်းကိုကျော်ဖြတ်ပြီး ဂျူဗင်တပ်အသင်းဗိုလ်စွဲခဲ့ပါက ဘတ်ဖွန်သည်ရွှေဘောလုံး ဆုနှင့်ထိုက်တန်သည်ဟု ပီယာလိုကယုံကြည်နေသည်။

စနေနေ့တွင် ကာဒစ်ဖ်၌ကစားမည့် ဗိုလ်လုပွဲအတွက် ဂျုဗင်တပ်အသင်းပြင်ဆင်နေသကဲ့သို့ ဘတ်ဖွန်သည်လည်း ၎င်းအတွက် ဥရောပအဆင့်မြင့်ဆုံး ဆုဖလားကို ပထမဆုံးအကြိမ်ရယူနိုင်ရန် ရည်ရွယ်နေသည်။

ကြယ်ပွင့်ဂိုးသမားမှာ စီးရီးအေဖလား ရှစ်လုံးအပါအဝင် ဆုဖလားများစွာရရှိထားသော်လည်း ချန်ပီယံလိဂ်တွင်မူ ဒုတိယဆု နှစ်ကြိမ်သာ ရရှိခဲ့သည်။

အကယ်၍ဂျူဗင်တပ်အသင်းသာဗိုလ်စွဲခဲ့ပါက ကမ္ဘာ့အကောင်းဆုံးကစားသမားဆု (ရွှေဘောလုံးဆု)နှင့် ဘတ်ဖွန်ထိုက်တန်သည် ဟု ဂျူဗင်တပ်နှင့် အီတလီအသင်းဖော်ဟောင်း ပီယာလိုက ပြောသည်။

“ကျွန်တော်အဲဒီလိုယူဆပါတယ်။ ဒီနှစ်တော့အချိန်ကျပြီလို့ ထင်တယ်”ဟု ပီယာလိုက ဂျူဗင်တပ်ဖလားရလျှင် ဘတ်ဖွန် ရွှေဘောလုံးဆုရသင့်သလားဆိုသည့် မေးခွန်းကို ပြန်ဖြေခဲ့သည်။

ပြီးခဲ့သည့် ကိုးနှစ်တာအတွင်း ရွှေဘောလုံးဆုကို စီရော်နယ်ဒိုနှင့် မက်ဆီတို့သာ ရရှိခဲ့ကြပြီး ယင်းဆုကို ဂိုးသမားများထဲမှ ဒိုင်နမို မော်စကို ဂိုးသမား လက်ဗ်ယာရှင် (၁၉၆၃) တစ်ဦးတည်းသာ ရရှိဖူးသည်။

နောက်ဆုံးတွင်ဘတ်ဖွန်အနေဖြင့် ချန်ပီယံလိဂ်ဖလားကိုကိုင်မြှောက်နိုင်သွားမည်ဟု မျှော်လင့်ကြောင်း နယူးယော့ခ်စီးတီး ကွင်းလယ်လူ ပီယာလိုကပြောသည်။

“အမြဲတမ်းလိုက်နေတဲ့ရည်မှန်းချက်ပြည့်ဝဖို့ နောက်တစ်ကြိမ်ကြိုးစားခွင့်ရလာတဲ့ သူ့အတွက်ကျွန်တော်သိပ်ဝမ်းသာပါတယ်။  သူ့အနေနဲ့အကောင်းဆုံးတစ်ယောက်အဖြစ်သက်သေပြခဲ့ပြီးဖြစ်လို့ ဒီဖလားကိုသာရခဲ့မယ်ဆိုရင် သူဝမ်းမြောက်နေပါလိမ့်မယ်” ဟု ပီယာလိုက ဆိုသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required