အစ္စလာမ်မစ်စစ်သွေးကြွများအား လက်နက်ချမလား အသေခံမလားဟု ဖိလစ်ပိုင်သတိပေး

အစ္စလာမ်မစ်စစ်သွေးကြွများအား လက်နက်ချမလား အသေခံမလားဟု ဖိလစ်ပိုင်သတိပေး

 မေ ၃၁  ။            ။ တောင်ပိုင်းမြို့တစ်စိတ်တစ်ဒေသကို သိမ်းပိုက်ထားသော အစ္စလာမ်မစ်စစ်သွေးကြွများအား ဖိလစ်ပိုင်အာဏာ ပိုင်များက လက်နက်ချမလား၊ အသေခံမလားဟု ပြီးခဲ့သော အင်္ဂါနေ့က သတိပေးလိုက်ပြီး စစ်သွေးကြွများ အခိုင်အမာ ခြေကုပ်ရယူထားသော နေရာများသို့ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ခဲ့သည်။

အစ္စလာမ်မစ်စစ်သွေးကြွများနှင့် ဖိလစ်ပိုင်အစိုးရတပ်ဖွဲ့များကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လူပေါင်း ၂၀၀၀ ကျော်ခန့်ပိတ်မိနေပြီး ၁၀၀ ကျော်ခန့် အသတ်ခံခဲ့ရသည်။

ပဋိပက္ခများသည် ပြီးခဲ့သောအပတ်က မွတ်စလင်အများစု နေထိုင်ရာ မာရဝီမြို့၌ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ (IS) တို့နှင့် အဆက်အသွယ်ရှိသော စစ်သွေးကြွများက မြို့တွင်း၌ ထကြွသောင်းကျန်းကာ IS အလံများ ဝှေ့ယမ်းခဲ့ရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။

ထိုအတွက်ကြောင့် သမ္မတရိုဒရီဂိုဒူတာတေးက လူပေါင်းသန်း၂၀ခန့် နေထိုင်သော မင်ဒါနာအိုတောင်ပိုင်းဒေသ ၌ မာရှယ်လောအမိန့်ထုတ်ပြန်ခဲ့ပြီး ဒေသတွင်းစစ်သွေးကြွများသည် အိုင်အက်စ်တို့နှင့်ပူးပေါင်း နေသောကြောင့် လုံခြုံရေးခြိမ်းခြောက်မှုများ မြင့်တက်လာကြောင်း သတိပေးခဲ့သည်။

“ အကြမ်းဖက်သမား အကြွင်းအကျန်များကို အခွင့်အရေးရနေတဲ့ အချိန်မှာလက်နက်ချဖို့ ကျနော်တို့ တိုက်တွန်း ခဲ့ပါတယ်” ဟု စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ရက်စ်တီတူတိုပတ်ဒီလာက   ပြောခဲ့သည်။

“အကြမ်းဖက်သမားတွေကို ပြောချင်တာက လက်နက်မချဘူးဆိုရင် သေလမ်းကိုရွေးလိုက်တာနဲ့ အတူတူပါပဲ” ဟု သူက ဆက်ပြောခဲ့သည်။

လက်နက်ချရန်တောင်းဆိုမှုသည် အသက်အိုးအိမ် စည်းစိမ်များ ထိခိုက်ဆုံးရှုံးခြင်းကို လျှော့ချဖို့အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပတ်ဒီလာက ပြောခဲ့သည်။

စစ်သွေးကြွများ ချုပ်ကိုင်ထားသော နေရာဒေသတွင် လူပေါင်း ၂၀၀၀ ခန့်သည် ပိတ်မိနေကြကြောင်း ဒေသတွင်းအစိုးရ၏ အဆိုအရသိရပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက ထိုသူများသည် ဗုံးကြဲ တိုက်ခိုက်မှုများနှင့် တိုက်ခိုက်မှုများအတွင်း မြေစာပင်ဖြစ်နိုင်ကြောင်း သတိပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required