မြန်မာနိုင်ငံတွင် အသေးစားချေးငွေလုပ်ငန်းများတိုးမြှင့်ရန် May Bank က Hayman Capital ကို ကန်ဒေါ်လာ ၁သန်းချေး

မြန်မာနိုင်ငံတွင် အသေးစားချေးငွေလုပ်ငန်းများတိုးမြှင့်ရန် May Bank က Hayman Capital ကို ကန်ဒေါ်လာ ၁သန်းချေး

“ငွေလဲနှုန်းမတည်ငြိမ်ခြင်းက ချေးငွေပြန်လည်ပေးဆပ်ရာတွင် စိုးရိမ်စရာမရှိဟု Hayman ပြော”

မြို့နယ် ၅ ခုတွင် အသေးစားငွေကြေးလုပ်ငန်းများ လုပ်ကိုင်နေသော စင်ကာပူအခြေစိုက် Hayman Capital အသေးစားငွေကြေးလုပ်ငန်းကို မလေးရှား May Bank ရန်ကုန်ဘဏ်ခွဲက အမေရိကန်ဒေါ်လာ ၁ သန်းနှင့် ညီမျှသော မြန်မာငွေ၁.၃၅၈ ဘီလီယံကျပ် ချေးပေးရန်သဘောတူညီမှုစာချုပ်တစ်ခုကို မေလ ၂၉ ရက်က ကုမ္ပဏီ ၂ ခုကြား လက်မှတ်ရေးထိုးခဲ့ကြသည်။

Hayman အနေနှင့် May Bank ဆီမှ ကန်ဒေါ်လာ ၁သန်းနှင့် ညီမျှသော မြန်မာကျပ်ငွေကို တိုက်ရိုက်ရယူထားခြင်းဖြစ်ကာ ပြန်လည်ပေးဆပ်ရမည့်အချိန်တွင်   မြန်မာကျပ်ငွေဖြင့်သာ   ပြန်ပေးဆပ်ရမည်ဖြစ်သောကြောင့် ငွေလဲနှုန်းပြောင်းလဲမှုအပေါ် စိုးရိမ်စရာမရှိဟု ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Sultan Marenov က မဇ္ဈိမကို ပြောဆို ထားသည်။

“စိုးရိမ်စရာမရှိပါဘူး၊ ကျွန်တော်တို့က မြန်မာငွေကိုပဲ ယူတယ်၊ ပြန်ပေးရင်လည်း မြန်မာငွေပဲ ပြန်ပေးရမှာဖြစ်တယ်။ အရမ်းကောင်းပြီး၊ သိပ်ကို အဆင်ပြေပါတယ်”

ယင်းချေးငွေအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ခွင့်ပြုထားပြီးဖြစ်ကာ Hayman Capital အသေးစားငွေကြေး လုပ်ငန်းက ချေးယူထားသည့် အမေရိကန်ဒေါ်လာ ၁ သန်းနှင့် ညီမျှသော မြန်မာကျပ်ငွေကို May Bank ဘက်သို့ အချိန် ၁နှစ်အတွင်း ပြန်လည်ပေးဆပ် ရမည်ဟုသိရသည်။

အဆိုပါချေးငွေ အမေရိကန်ဒေါ်လာ ၁သန်းကို Hayman Capital ၏ လည်ပတ်နေသော ချေးငွေလုပ်ငန်းများတွင် ထည့်ဝင်ရင်းနှီးသွားမည်ဖြစ်ရာ ကုမ္ပဏီအနေနှင့် နောက်ထပ် ၂ နှစ်အတွင်း လည်ပတ်ချေးငွေ ၂ ဆအထိ တိုးမြှှင့်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Sultan Marenov က မဇ္ဈိမကို ပြောသည်။

“လက်ရှိ ချေးငွေပမာဏကို နောက် ၂ နှစ်ထဲမှာ ၂ ဆအထိ တိုးမြှင့်သွားမှာဖြစ်ပါတယ်”ဟု Sultan Marenov က ဆိုသည်။

အတိုးနှုန်းအနေနှင့် Hayman Capital ၏ ကနဦးထုတ်ပြန်ချက်အရ May Bank သို့ ပြန်လည်ပေးဆပ်ရမည့် အတိုးနှုန်း သည် တစ်နှစ်ကို ၁၃ ရာခိုင်နှုန်းဖြစ်ကြောင်းသိရပြီး အပြောင်းအလဲ အနည်းငယ် ရှိမည်ဟု Hayman ဘက်က ပြန်လည် ပြောဆိုထားသည်။

Hayman Capital က အများပြည်သူကို ချေးငွေပြန်လည်ပေးရာတွင် ဗဟိုဘဏ်၏ စည်းမျဉ်းဥပဒေအတိုင်း တစ်နှစ်ကို အတိုးနှုန်း ၃၀ ရာခိုင်နှုန်း (တစ်လလျှင် ၂.၅ ရာခိုင်နှုန်း) သတ်မှတ်ထားသည်။

မလေးရှား May Bank ဆီမှ ရယူထားသည့် အမေရိကန်ဒေါ်လာ ၁ သန်းသည် Hayman Capital အတွက် ဒေသတွင်းနိုင်ငံများတွင် ပထမဆုံးရယူထားသည့် ချေးငွေလည်းဖြစ်သည်။

ကုမ္ပဏီအနေနှင့် မြန်မာနိုင်ငံအသေးစားငွေကြေးဆိုင်ရာသတ်မှတ်ချက်များ မကြာခင်အချိန်အတွင်း တိုးမြှုင့်လာမည်ကို သိမြင်ထားကာ လက်ရှိချေးငွေပေးလျက်ရှိနေသည့် အများဆုံးပမာဏကိုလည်း ရှေ့လာမည့် နှစ်များတွင် တိုးချဲ့သွားချင်သည်ဟု သိရသည်။

“အခုကျွန်တော်တို့ အများဆုံးချေးငွေပေးတဲ့ ပမာဏက တစ်ဦးကို ကျပ် သိန်း ၅၀ အထိ ဖြစ်ပါတယ်။ အနာဂတ်မှာ ငွေကြေးအဖွဲ့အစည်းတွေအတွက် သတ်မှတ်ချက် အသစ်တွေ   ဖြစ်လာဖို့ မြင်ထားတာကြောင့် နောက်ထပ် ၂ နှစ်မှာ တစ်ဦးကို အများဆုံး ကျပ် သိန်း ၁၀၀ အထိ ချေးပေးနိုင်မှာပါ။ ဒါကလည်း ကျွန်တော်တို့ ရန်ပုံငွေအပေါ်မှာ မူတည်နေပြီးတော့ ကျွန်တော်တို့က တစ်ခြား ငွေကြေးအဖွဲ့အစည်းတွေကနေ ပိုက်ဆံတွေ ပိုချေးယူလို့ရနိုင်မယ်ဆိုရင် ချေးငွေကို တိုးချဲ့နိုင်မှာဖြစ်ပါတယ်”ဟု Hayman Capital ၏ အုပ်ချုပ်မှုဒါရိုက်တာနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူSultan Marenov က ပြောသည်။

စင်ကာပူအခြေစိုက် Hayman Capital အသေးစားငွေကြေးလုပ်ငန်းသည် ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ကိုယ်စားလှယ်ရုံးများထားရှိထားပြီး အသေးစားငွေကြေးလုပ်ငန်းများလုပ်ကိုင်ရန် ယင်း ၂ နိုင်ငံ၌ လိုင်စင်ရရှိထားခြင်းမရှိသေးပေ။

မြန်မာနိုင်ငံတွင် Haymanအနေနှင့် အသေးစားငွေကြေးလုပ်ငန်းလိုင်စင်ရယူထားကာ ၂၀၁၅ ခုနှစ်မှ စတင်၍ လက်ရှိအချိန်အထိ အင်းစိန်၊ သင်္ယန်းကျွန်း၊လှည်းကူး၊ ပဲခူးနှင့် ညောင်လေးပင်တို့တွင် ရုံးခွဲများ ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည်။

“ကျွန်တော်တို့ ရုံးခွဲအသစ်တွေ ဖွင့်သွားဖို့ မရှိသေးပါဘူး။ ဒီပိုက်ဆံအကုန်လုံးကို အဲဒိနေရာတွေမှာပဲ ဆက်ပြီး တိုးချဲ့အသုံးပြုသွားမှာဖြစ်ပါတယ်” ဟု Sultan Marenov က ဆိုသည်။

ယင်း မြို့နယ် ၅ ခုတွင် လက်ရှိ Hayman Capital က ချေးငွေပေးထားသော လူဦးရေပေါင်း နှစ်ထောင်ကျော်ရှိနေပြီး Hayman က လူဦးရေ သုံးထောင်ကျော်အထိ တိုးမြှင့်ဝန်ဆောင်မှုပေးမည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပ အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းပေါင်း ၂၀၀ ကျော်ရှိနေသည်။မြန်မာနိုင်ငံ အသေးစားငွေကြေးအဖွဲ့အစည်းများဆိုင်ရာဥပဒေသည် ၂၀၁၂ ခုနှစ်၊ သမ္မတဦးသိန်းစိန်လက်ထက်တွင် ထွက်ရှိလာ ခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly