အမျိုးသမီးနှင့် ရွေးကောက်ပွဲ

အမျိုးသမီးနှင့် ရွေးကောက်ပွဲ

မဇ္ဈိမ၏ အမျိုးသမီးနှင့် ရွေးကောက်ပွဲ အစီအစဉ်အတွက်  ယခုတစ်ပတ်တွင် အမျိုးသမီး နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် ဆွေးနွေးထားခြင်းဖြစ်ပြီး နိုင်ငံရေးတွင် အမျိုးသမီး ခေါင်းဆောင် တစ်ယောက်၏ အားသာချက်၊ အားနည်းချက်၊ အမျိုးသမီးများ နိုင်ငံရေးတွင် ပိုမို ပါဝင်လာစေရန်  ဆောင်ရွက်မှုများ ၊ အခက်အခဲများ စိန်ခေါ်မှုများကို မဇ္ဈိမကို မေးမြန်းထားခြင်း ဖြစ်သည်။ အစီအစဉ် တင်ဆက်သူမှာပျိုးလက် ဟန်ဖြစ်ပြီး ပါဝင်ဆွေးနွေးပေးသူများမှာ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ အတွင်းရေးမှုးချုပ် ဒေါ်သန်းသန်းနုနှင့် ခေတ်သစ် ပြည်သူ့ပါတီမှ အထွေထွေအတွင်းရေးမှုး ဒေါ်ရီရီစံတို့ဖြစ်သည်။

ပျိုးလက်ဟန်

အန်တီရေ နိုင်ငံရေးဆိုတာကလဲ များသောအားဖြင့်က အမျိုးသားခေါင်းဆောင်တွေကိုဘဲ မြင်ရလေ့ရှိ တယ်ဆိုတော့ နိုင်ငံရေးပါတီက ခေါင်းဆောင် အမျိုးသမီးတစ်ယောက်အနေနဲ့ အားသာချက်တွေ အားနည်းချက်တွေ ဘယ်လိုများရှိပါသလဲရှင်။

ဒေါ်သန်းသန်းနု

နိုင်ငံရေးပါတီမှာဆိုရင် အမျိုးသမီးခေါင်းဆောင်တွေဆိုရင် ပိုပြီးတော့ စည်းရုံးရေးဘက်မှာ ပိုပြီးတော့ အားသန် တယ်လို့ အန်တီထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ စည်းစနစ်လည်းရှိတယ်။ စည်းရုံးရေးမှာလည်း အမျိုးသားတွေထက်ပိုပြီးတော့ အင်အားကောင်းတယ်လို့ ထင်မြင်မိပါတယ်။

ဒေါ်ရီရီစံ

ကျွန်မအနေနဲ့ကတော့ နိုင်ငံရေးပါတီမှာ အမျိုးသမီးခေါင်းဆောင်တွေရှိခြင်းဟာ မိခင်စိတ်ရှိတဲ့ အမျိုးသမီးတွေ ဖြစ်တဲ့အတွက်ကြောင့် သနားညှာတာတဲ့စိတ်လည်းရှိတယ်။ အခက်အခဲအားလုံးကိုလည်း လူထုတစ်ရပ်လုံးအတွက်ကို ခေါင်းဆောင်မှုပြုနိုင်တယ။် အခက်အခဲတွေကိုလည်း ဖြေရှင်းပေးနိုင်တယ်ဆိုတဲ့ အတွက်ကြောင့် ခေါင်းဆောင်ပိုင်းမှာ ပိုပြီးတော့ အားသာမှုရှိပါတယ်။

ပျိုးလက်ဟန်

အားနည်းချက်လေးတွေကော ဘာတွေ ဖြစ်နိုင်မလဲရှင်။

ဒေါ်သန်းသန်းနု

တစ်ခါတစ်လေကျတော့လည်း စည်းရုံးရေးမှာ အားကောင်းတယ်ဆိုပေမဲ့လည်း သွားရေးလာရေးကျတော့ အမျိုးသားတွေလောက် မတွင်ကျယ်ဘူးပေါ့။ အဲဒါမျိုးလည်းရှိပါတယ်။ တစ်ချို့နေရာတွေ ကျတော့ လည်း အမျိုးသားရယ် အမျိုးသမီးရယ်မဟုတ်တော့ဘူး။ အခုခေတ်ကာလကိုက  စည်းရုံးရေးမှာဘဲဖြစ်ဖြစ် စည်းကမ်းချမှတ်တဲ့နေရာမှာဘဲဖြစ်ဖြစ် တခါတလေကျတော့လည်း ပြသနာအခက်အခဲလေးတွေ ရှိပါတယ်။

ဒေါ်ရီရီစံ

အမျိုးသမီးခေါင်းဆောင်ဖြစ်ပေမဲ့ တစ်ချို့အမျိုးသားတွေက အမျိုးသမီးရယ်လို့ စိတ်ထဲမှာ လုပ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကလေးတွေရှိကြတယ်။ အဲဒီ နေရာမှာ ယုံကြည်မှုတည်ဆောက်ရတယ်။ ဘယ်လောက်ထိ လုပ်ဆောင်နိုင်တယ်ဆိုတာကို  စိန်ခေါ်မှုလေးတွေက အများကြီးရှိပါတယ်။

ပျိုးလက်ဟန်

ပါတီမှာ အမျိုးသမီးခေါင်းဆောင်အနေနဲ့ နောက်ထပ်အမျိုးသမီးပါတီဝင်တွေကို ပါဝင်လာဖို့အတွက် စည်းရုံးလှုံ့ဆော်တဲ့နေရာမှာ ဘယ်လိုအခက်အခဲအတားအဆီးတွေရှိလဲဆိုတာလည်း ပြောပါဦး။

ဒေါ်ရီရီစံ

အမျိုးသမီးတွေဟာ နိုင်ငံရေးပါတီမှာ ပါဝင်လာကြတယ။် တကယ်တမ်းကျရင် ရွေးကောက်ပွဲတို့ပါဝင်ဖို့ဆိုရင် နိုင်ငံရေးအရ လှုပ်ရှားမှုတွေပါဝင်ဖို့ဆိုရင် သူတို့က နည်းနည်းလေးတွန့်နေတယ်။ အဲဒါတွေက ဘာလဲဆိုတော့ နိုင်ငံရေးနဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို နားမလည်တဲ့အချက်လည်းပါတယ်။  ဒုတိယတစ်ချက်ကတော့ ကိုယ်တို့နိုင်ငံဟာ ဆင်းရဲကျပ်တည်းတဲ့နိုင်ငံဖြစ်တယ်။ အဲဒီ အခက်အခဲလေးတွေ လည်းရှိတယ်။ နောက်ပြီးတော့ အရင်တုန်းက ရှေးဟောင်းအစဉ်အလာဓလေ့တွေ ရင်ထဲမှာစွဲနေတယ်။ အမျိုးသမီးဟာ အိမ်ထဲမှာနေရမယ်။ အမျိုးသားဟာ မိသားစုရဲ့တာဝန်ကိုဘဲ ထမ်းဆောင်ရမယ်ဆိုတဲ့ အတွေးအခေါ်ဟောင်း လေးတွေလည်းရှိတယ်။ နောက်ပြီးတော့ အောက်ခြေအာဏာပိုင်အဖွဲ့အစည်းတွေရဲ့ ဖိနှိပ်မှုအောက်မှာ နှစ်ပေါင်းများစွာနေနရတယ်။  အခုဒီမိုကရေစီ ရောက်နေတဲ့ဒီအချိန်ထိကို ဒီလိုဘဲနေနေကျသေးတယ်။ အဲဒါကြောင့် သူတို့ကို လွှတ်တော်ထဲရောက်ဖို့ဆိုတာ တော်တော်လေးကို စည်းရုံးရတာ ခက်တယ်။ အခုတောင်မှ အမျိုးသမီးအင်အားစုများပေမဲ့ အခုလက်ရှိမှာ ရွေးကောက်ပွဲ ဝင်ဖို့ စုဆောင်းထားတဲ့ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းက ၆ ဦးခန့်ဘဲရှိပါသေးတယ်။ အဲဒါတွေဟာ ခုနကစိန်ခေါ်မှုတွေ ကြောင့်ဘဲဖြစ်ပါတယ်။

ပျိုးလက်ဟန်

အမျိုးသမီးတွေဟာ အောက်ခြေမှာ ပါဝင်မှုများပေမဲ့လည်း ခေါင်းဆောင်တွေဖြစ်လာဖို့ အထူးသဖြင့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေဖြစ်လာဖို့ အခက်အခဲတွေရှိလာတယ် ဆိုတော့နောင်မှာနိုင်ငံရေး မှာ အမျိုးသမီး ခေါင်းဆောင်တွေ ပေါ်ပေါက်လာဖို့အတွက် ကျွန်မတို့အနေနဲ့ ဘယ်လိုမျိုး ပံ့ပိုးကူညီးပေးသင့်သလဲလို့ ထင်ပါသလဲရှင်။

ဒေါ်သန်းသန်းနု

အန်တီတို့ပါတီအနေနဲ့ကတော့ EC  (အလုပ် အမှုဆောင် ကော်မတီဝင်) အနေနဲ့ကတော့ ၂၀ လောက်ရှိတယ်။ ဗဟို (ကော်မတီဝင်) အမျိုးသမီးအနေနဲ့ကတော့ ၃၃ ယောက်ရှိပါတယ်။ တစ်ချို့ ရန်ကုန်မြို့ မှာလည်း မြို့နယ် အလိုက် လေးနေရာစလုံးမှာ ဗဟိုအမျိုးသမီးတွေဘဲ ဖြစ်အောင်လို့ကြိုးစားထားပါတယ်။  အမျိုးသမီးတွေ ကိုလည်း ခုကတည်းကနေပြီးတော့ အားပေးတယ်။  

ပျိုးလက်ဟန်

အမတို့ ပါတီအနေနဲ့ကော ဘယ်လိုတွေဆောင်ရွက်နေတာရှိပါသလဲ။

ဒေါ်ရီရီစံ

အမျိုးသမီးတွေရဲ့စွမ်းဆောင်မှု လစဉ်ပုံမှန်လေးတွေပေါ့။ နောက်တစ်ချက် အမျိုးသမီးခေါင်း ဆောင်ပါ ဝင်လာ လို့ရှိရင် အမျိုးသမီးထုတစ်ရပ်လုံးပါဝင်လာရင် ဘယ်လောက်အကျိုးရှိလဲ။ အဲဒီအတွက် စည်းရုံးရပါတယ်။ သူတို့စိုးရိမ်တာကတော့လေ သူတို့နိုင်ငံရေးကို လုပ်မှလုပ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ် ကလေးတွေက ရင်ထဲမှာ ကိန်းအောင်းနေတယ်။ အဲဒီ အချက်ကြောင့် သူတို့ကို နိုင်ငံရေးဆိုတာ ဘယ်လို အင်မတန်သန့်ရှင်းမွန်မြတ်တဲ့ ပရဟိတလုပ်ငန်းပါဆိုတဲ့ဟာလေးတွေ ပြန်ပြီးရှင်းပြပြောပြရတယ်။

ပျိုးလက်ဟန်

အန်တီတို့ အစ်မတို့ကော ပါတီတွေမှာ အမျိုးသမီးတွေပါဝင်လာဖို့အတွက်ကော စည်းရုံးလှုံ့ဆော်တဲ့နေရာမှာ ဘယ်လိုမျိုးအခက်အခဲအတားအဆီးလေးတွေ တွေ့ရသလဲရှင်။

ဒေါ်သန်းသန်းနု

ပါတီတွေမှာ အမျိုးသမီးတွေပါဝင်လာဖို့ စည်းရုံးလှုံ့ဆော်တဲ့အခါမှာ အမျိုးသမီးတွေစိတ်အား ထက်သန်မှုတော့ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံရေးကလည်း အဆက်ပြတ်တာ တော်တော်ကြာပြီဆိုတော့ နှစ်ပေါင်း ၅၀ ရှိနေပြီဆိုတော့ သူတို့မှာလည်း သို့လော်သို့လော် အခက်အခဲလေးတွေရှိပါတယ်။ အရေးကြီးဆုံးက ဘာလဲဆိုတော့ သူတို့ရဲ့ မိသားစု။  အိမ်ထောင်ကျပြီး သူဆိုလည်း သူတို့ရဲ့ ခင်ပွန်းသည်ပေါ့။ အိမ်ထောင်မကျသေးတဲ့သူဆိုရင်လည်း သူတို့မိသားစုရဲ့ ပံ့ပိုးမှုက အများကြီး လိုအပ်ပါတယ်။

ဒေါ်ရီရီစံ

အန်တီတို့မှာ နိုင်ငံရေးလွတ်လပ်ခွင့်အားနည်းတယ်။ ဒီမိုကရေစီအခွင့်အရေးဆိုတာ နားမလည်တဲ့ အတွက်ကြောင့် ဒီမိုကရေစီရောက်တဲ့အခါကျတော့ အမျိုးသမီးတွေက တော်ယုံတန်ယုံ သိပ်မသိသေး ဘူး။ အားနည်းချက်တွေရှိတယ်။ အဲ့ဒါကြောင့် နိုင်ငံရေးပါတီထဲကို အမျိုးသမီးတွေပါလာဖို့ဆိုတာ နိုင်ငံရေးပါတီက အမျိုးသမီးခေါင်းဆောင်တွေရယ် NGO က အမျိုးသမီးအဖွဲ့အစည်းတွေရယ် CSO က အမျိုးသမီးအဖွဲ့အစည်းတွေရယ် အားလုံးပူးပေါင်းပြီးတော့မှ သူတို့ကို နားလည်အောင်ရှင်းပြပြီးတော့ ဒီခေတ်မှာ နိုင်ငံရေးလုပ်တာဟာ နိုင်ငံ့အကျိုးပြုလုပ်သင့်တယ်ဆိုတာကို အဲဒါလေးတွေဖြေရှင်းရတယ် ။ တကယ်တော့ အောက်ခြေမှာ တကယ်တမ်းသွားစည်းရုံးတဲ့အခါကျတော့ အောက်ခြေအဖွဲ့အစည်း အာဏာပိုင်အဖွဲ့ အစည်းတွေရဲ့ ဖိနှိပ်မှုတွေခံရတဲ့အခါကျတော့ သူတို့ကို နိုင်ငံရေးလောက ထဲဆွဲခေါ်ဖို့ ကျတော့ တော်တော်လေး ကို ခက်ခဲတဲ့အကြောင်းတရားဖြစ်နေတယ်။

ဒေါ်သန်းသန်းနု

အမျိုးသမီးတွေဟာလည်း ရှေ့တန်းထွက်ဖို့အချိန်တန်နေပါပြီ။ တစ်ချိန်ချိန်မှာလည်း အမျိုးသမီးတွေ ရှေ့တန်းထွက်ခဲ့ဘူးတာဘဲ။ ရှေ့ကနေဦးဆောင်ခဲ့ဖူးတာဘဲ။ အခုကလဲ စီးပွားရေးအခြေအနေ အကျပ်အတည်းတွေကြောင့် လူနေမှုစနစ်ကလည်း ပြောင်းသွားတယ် ပြောင်းသွားတော့ အမျိုးသမီးတွေဟာ နောက်တန်းရောက်သလိုဖြစ်သွားတယ်။

ပျိုးလက်ဟန်

ကျေးဇူးအများကြီးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags