လူဝကြီးတွေ ၀င်ပြေးနေတဲ့ ငြိမ်းချမ်းရေးမာရသွန်

လူဝကြီးတွေ ၀င်ပြေးနေတဲ့ ငြိမ်းချမ်းရေးမာရသွန်
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)အစည်းအဝေးအား နေပြည်တော်ရှိ MICC-2 တွင် ၂၀၁၇ခုနှစ်၊ မေ ၂၈ရက် နံနက် ၉နာရီကျော်အချိန်က စတင်ကျင်းပနေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

မေလ ၃၀ ။           ။ နေပြည်တော်၊ MICC 2 ( မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန) ထဲမှာ သတင်းမီဒီယာ အယောက် တစ်ရာကျော်ရဲ့မျက်လုံးတွေက ၃ နာရီကြာ ပိတ်ထားတဲ့ခန်းမတံခါးဆီသို့သာ မမှိတ်မသုန် စိုက်ကြည့်နေကြပါတယ်။

အနာဂတ်မြန်မာနိုင်ငံအတွက် အတိမ်းအစောင်းမခံတဲ့၊ အရေးကြီးတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို တံခါးပိတ်ဆွေးနွေးနေတာဖြစ်တဲ့အတွက် ဘယ်လိုရလဒ်တွေထွက်လာမလဲဆိုတဲ့ သိချင်စိတ် ပြင်းပြမှုတွေက သူတို့မျက်နှာတွေမှာ အထင်းသားပါ။

ပိတ်ထားတဲ့ ခန်းမတံခါးကို စဖွင့်လိုက်တဲ့အချိန်မှာ ပထမဆုံးထွက်လာတဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ   ဒေါ်အောင်ဆန်းစုကြည်ဟာ   ခေါင်းမှာပန်ထားတဲ့ ကံ့ကော်ပန်းတွေနဲ့ တင့်တယ်နေပေမယ့် မျက်နှာသွင်ပြင်ကတော့ အနည်းငယ် နွမ်းနယ်နေသယောင်ယောင် ရှိနေပါတယ်။

သတင်းထောက်တစ်ယောက်က “ညှိနှိုင်းမှုတွေ အဆင်ပြေပါလားဗျ”လို့ ခပ်ရဲရဲအော်မေးလိုက်ပါတယ်။

“ညှိနှိုင်းမှုတွေရဲ့ သဘာဝအရ အဆင်ပြေတာတွေရော၊ အဆင်မပြေတာရော ရှိပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ခန်းမထဲကနေ လမ်းလျှောက်ထွက်လာရင်း ပြောလိုက်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို မူလက ငါးရက်တာကျင်းပဖို့ စီစဉ်ထားပေမယ့် နိုင်ငံရေးကဏ္ဍမှာပါတဲ့ ခွဲထွက်ခွင့်နဲ့ပတ်သက်လို့ ဆက်ပြီးဆွေးနွေးဖို့ရှိနေတဲ့အတွက် ကဏ္ဍအလိုက်ဆွေးနွေးပွဲကို တစ်ရက်ထပ်တိုးလိုက်ရပါတယ်။

ဒါ့ကြောင့် မေလ ၂၈ ရက်နေ့ ပိတ်ပွဲကျင်းပမယ့်အစား ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူူးတွဲကော်မတီ (UPDJC) အစည်းအဝေးပြုလုပ်ပြီး အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ‘နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှခွဲမထွက်ရ’ ဆိုတဲ့ စကားလုံးအပေါ် မနက်ပိုင်းအဖြစ် သုံးနာရီကြာ အကြိတ်အနယ်ဆွေးနွေးနေခဲ့တာပါ။

ဒီစကားရပ်အပေါ် ဆွေးနွေးမှုဆိုင်းငံ့ထားလိုက်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

 “ပြည်ထောင်စုက ခွဲမထွက်ဘူးဆိုတဲ့ စကားနဲ့ပတ်သက်ရင် ဒီညီလာခံအဆင့်မှာ ဆက်မဆွေးနွေးဘဲနဲ့ ဆိုင်းငံ့လိုက်ပါတယ်။ တစ်ခုတည်းသော တပ်မတော်ထားရှိရေးနဲ့ ပတ်သက်ပြီးလည်း နောက် ညီလာခံမှာ ဆက်လက်ဆွေးနွေးသွားမှာပါ” လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

အဲ့ဒီအစည်းအဝေးခန်းမထဲမှာ ကိုယ်တိုင်ပါဝင်ဆွေးနွေးခဲ့တဲ့ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် လည်းဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ “ခွဲမထွက်ရေး” နဲ့ “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” “ကိုယ်ပိုင်အခြေခံဥပဒေ” သဘောတူညီချက် မရတဲ့အခါမှာ အတော်များများက စိတ်ဓါတ်ကျသွားတာတွေကို အထင်းသားမြင်နေရတယ်”လို့ သူ့လူမှုကွန်ရက်မီဒီယာစာမျက်နှာမှာ အဲဒီမေလ ၂၈ ရက်ညက သုံးသပ်ရေးသားထားခဲ့ပါတယ်။

မည်သို့ပင် ရှိနေပါစေ၊ တစ်နေကုန်ဆွေးနွေးခဲ့ကြတဲ့ အဲ့ဒီနေ့က တစ်ဖွဲ့နဲ့တစ်ဖွဲ့အကြားက တင်းမာမှုတွေ ၊ သဘောထားတွေ၊ အကြိတ်အနယ် ဆွေးနွေးနေရမှုတွေဟာ သမိုင်းအထောက်အထားအနေနဲ့ ကျန်ရစ်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။

အဲဒီနေ့အတွေ့အကြုံကို လေတွေ မိုးတွေထန်နေသလို လို့ ဦးဇော်ဌေးက ဆိုထားပါတယ်။

“မေလ ၂၈ ရက်နေ့ ညပိုင်းအထိ ရောက်လာချိန်မှာ UPDJC အဖွဲ့ဝင်တွေဟာ ဆွေးနွေးမှုရဲ့ အမြင့်ဆုံး အပိုင်းကို ကြုံတွေ့ခဲ့ကြရပါတယ်။ MICC-II ခန်းမကြီးရဲ့ အပြင်ဘက်မှာ လေတွေ၊ မိုးတွေ သည်းထန်နေသလို UPDJC အစည်းအဝေး စားပွဲဝိုင်းမှာလည်း လေတွေ မိုးတွေ သည်းထန်နေသလိုပါပဲ။ ဒီအချိန်ဒီကာလဟာ အရေးကြီးတဲ့ အချိန်ကာလ ဖြစ်လာခဲ့ပါတယ်”

NCA လမ်းကြောင်း၊ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ပျက်သွားနိုင်တဲ့အထိ အခြေအနေက ဆိုက်ရောက်ခဲ့ပါတယ်။

“တွေ့ဆုံဆွေးနွေးမှု ပျက်သွားမှာ စိုးရိမ်ကြတဲ့ သူတွေက မေတ္တာရပ်ခံကြပါတယ်။ မျက်နှာတွေကလည်း စိုးရိမ်တကြီး၊ တချို့လည်း စိတ်ပျက်လက်ပျက်၊ တချို့လည်း မျှော်လင့်ချက် ရုတ်တရက် ပျောက်ဆုံးသွားသလိုမျိုး ရှိနေခဲ့ကြပါတယ်“ လို့လည်း ဦးဇော်ဌေးက ရေးထားပါတယ်။

ညီလာခံကြီး ပျက်သွားမလား၊ နောက်ထပ်များ ရက်တိုးကျင်းပရဦးမလား စတဲ့ စိုးရိမ်ပူပန်မှုတွေကြားမှာပဲ ညီလာခံနောက်ဆုံးနေ့ဖြစ်တဲ့ မေလ ၂၉ ရက်နေ့မှာတော့ သက်ဆိုင်ရာကဏ္ဍအလိုက် စုစုပေါင်းအဆိုပြုချက် (၄၅) ချက်အနက် သဘောတူညီချက် (၃၇) ချက်ကို အတည်ပြုရရှိခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ်မှာ အစိတ်အပိုင်း(၁) အနေနဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

ဒီလက်မှတ်ရေးထိုးနိုင်ခဲ့မှုနဲ့ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “အမျိုးသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာရေး လမ်းကြီးအပေါ် လျှောက်လှမ်းလိုက်တဲ့အရေးကြီးတဲ့ခြေလှမ်းကြီးဖြစ်ပါတယ်” လို့ သူ့ရဲ့ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး အပိတ်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ဒီသဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တာတွေက အားလုံးပါဝင်ရေးမူဆိုတဲ့စံနှုန်းနဲ့ တိုင်းတာအကဲဖြတ်ချိန်မှာတော့ မေးခွန်းထုတ်စရာအခြေအနေတွေ ရှိနေပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၂၁ ဖွဲ့ ရှိတဲ့အနက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ ၈ ဖွဲ့သာ ဒီညီလာခံမှာ ပါဝင်ဆွေးနွေးနိုင်ခဲ့တာပါ။

NCA လက်မှတ်ရေးထိုးပြီးသော်လည်း သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို မကျင်းပနိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲက ဒေသတချို့လည်း ကျန်ရှိနေပါတယ်။ ဒီလိုအနေအထားတွေမှာ ပြည်ထောင်စု သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးလိုက်တာဟာ တိုင်းရင်းသားအားလုံးအပေါ်မှာ လွှမ်းခြုံနိုင်မှုရှိနေပါ့မလားဆိုတဲ့ မေးခွန်းတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါတယ်။

“အားလုံးက လက်ခံနိုင်တဲ့မူ၊ အားလုံးက မဆန့်ကျင်နိုင်တဲ့မူကိုပဲ သဘောတူပါတယ်။ သူတို့ မပါလာပေမယ့်လည်း ဒီမူအပေါ်မှာ လက်ခံတယ်လို့ဆိုရင် ပြည့်စုံတယ်လို့ ပြောလို့ရပါတယ်။ ဒီမူက တခြားသူက ဆောင်ရွက်လို့၊ ဒီမူက ဘယ်သူမပါလို့ ဒါကို လက်မခံနိုင်ဘူးဆိုတဲ့ သဘောမဟုတ်ဘဲနဲ့ အားလုံးက လက်ခံနိုင်မယ့် ကျွန်တော်တို့နိုင်ငံနဲ့ကိုက်ညီမယ့်မူဝါဒကို ချနိုင်ခဲ့တာပါ” လို့ ကရင်အမျိုးသားအစည်းအရုံး ဒုတိယဥက္ကဋ္ဌလည်းဖြစ် UPDJC အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်တဲ့ ပဒိုစောကွယ်ထူးဝင်းက ဆိုပါတယ်။

၂၁ ရာစု ပင်လုံ ညီလာခံမှာ သဘောတူညီမှုမရခဲ့တဲ့ ပြည်နယ်ဖွဲ့စည်းပုံများ၊ ပြည်ထောင်စုနဲ့ ပြည်နယ်အကြား အာဏာခွဲဝေပိုင်းခြားမှုများကို ဆက်လက်ဆွေးနွေးညှိနှိုင်းကျန်ရှိနေသေးပြီး အဲ့ဒီအချက်တွေမရဘူးဆိုပါက ဖက်ဒရယ်ပြည်ထောင်စုမဖြစ်လာသေးဘူးလို့လည်း ကရင်အမျိုးသားအစည်းအရုံးက မေလ ၂၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

သဘောတူဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီးကရင်အမျိုးသား အစည်းအရုံးဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က “အချက်အလက်အနေနဲ့ ကြည့်ရင် ၄၅ ချက်မှာ ၃၇ ချက်ရတယ်၊ အဓိကကျလား မကျလား အရေးကြီးတဲ့အချက်အလက် ရလားမရလားဆိုတဲ့ တိုင်းတာမှုဆိုရင်တော့ ၅၀ ရာခိုင်နှုန်းပဲလို့ ” ဆိုပါတယ်။

NCA လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲပြီး NCA မူဘောင်အရ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို ညီလာခံမတိုင်ခင်မှာ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းဒေသကြီး တွေမှာ ကျင်းပပါတယ်။ အဲ့ဒီက ရရှိလာတဲ့ အချက်တွေကို စုစည်းပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးများ အကြိမ်ကြိမ်ကျင်းပပြီး ညီလာခံမှာတင်သွင်းဖို့ အချက်တွေကို အတည်ပြုကြပါတယ်။ ကဏ္ဍအသီးသီးကနေ အတည်ပြုနိုင်မယ့် အချက်ပေါင်း ၄၅ ချက် ထွက်လာပြီးတဲ့နောက်မှာတော့ ညီလာခံခေါ်ယူကာ အစုအဖွဲ့အလိုက်ဆွေးနွေးစေပြီး UPDJC အစည်းအဝေးမှာ ထပ်မံအတည်ပြုပြီးတော့မှ ပြည်ထောင်စုသဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးဆိုတဲ့ပုံစံနဲ့ ကျင်းပနေတာပါ။

အစိုးရအနေနဲ့ကတော့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့ တိုက်တွန်းပြောဆိုထားပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့လက်ထက် စွန့်လွှတ်မှုစွန့်စားမှုတွေနဲ့ ချလိုက်တဲ့ အုတ်မြစ်အပေါ်မှာ နောင်လာမယ့်သားသမီး မြေးမြစ်တွေက ခိုင်မာတင့်တယ်တဲ့ နိုင်ငံတော်ကြီးကို ဆက်လက်တည်ဆောက် မွမ်းမံသွားနိုင်စေချင်ပါတယ်။ ဒီညီလာခံကြီးထဲကို မရောက်ရှိကြသေးတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကိုလည်း ကျွန်မတို့နဲ့အတူတကွ လက်တွဲပူးပေါင်းပြီး ပါဝင်ကြဖို့ အလေးအနက် ဖိတ်ခေါ်ပါတယ်” လို့ သူ့ရဲ့ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး အပိတ်မိန့်ခွန်း ကျေးဇူးတင်စကားမှာ ထည့်သွင်းပြောဆိုထားပါတယ်။

ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က NCA စာချုပ်ကို လက်မှတ်ရေးထိုးပြီး မျက်မှောက်မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင်ဖို့ အကြိမ်ကြိမ် ဖိတ်ခေါ်နေပေမယ့်လည်း NCA ကို အသိအမှတ်ပြုလက်ခံပြီး ငြိမ်းချမ်းရေးညီလာခံတွေမှာ အားလုံးတန်းတူညီမျှပါဝင်နိုင်ရေးကတော့ စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

ယခင်အစိုးရ သမ္မတဦးသိန်းစိန်လက်ထက်ကတည်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီး ကျွမ်းကျင်သူတွေ၊ ပါဝင်သင့်ပါဝင်ထိုက်သူတွေနဲ့ ချမှတ်ရေးဆွဲခဲ့တဲ့ NCA ကို အခြေတည်ပြီး လက်ရှိအစိုးရရော၊ တပ်မတော်ကရော ဒီလမ်းကြောင်းနဲ့ သွားမယ်လို့ ဆုပ်ကိုင်ထားတာပါ။

ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးအပေါ် ချဉ်းကပ်မှုလမ်းကြောင်းကတော့ အစိုးရ၊ တပ်မတော်နဲ့ တစ်ထပ်တည်းကျတာတော့ မဟုတ်ပါဘူး။

 NCA လက်မှတ်ရေးထိုးပြီး လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ အစိုးရနဲ့ပူးပေါင်းလုပ်ဆောင်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေရှိနေသလို NCA ကို လုံးဝလက်ခံခြင်းမရှိဘဲ နိုင်ငံရေးဆွေးနွေးမှု ပုံစံလမ်းကြောင်းအသစ်နဲ့ ပုံဖော်ချင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ရှိနေပါတယ်။ ဒါအပြင် လက်ရှိ NCA ကို ပိုမိုကောင်းမွန်တဲ့ ကတိကဝတ်တွေနဲ့ ပြုပြင်ချင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရှိနေပါတယ်။

တပ်မတော်ရဲ့ သဘောထားကရော ဘယ်လိုများ ရှိနေမလဲ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ NCA လမ်းကြောင်းကို မေ့ထားပြီး နောက်ထပ်လမ်းစဉ်တွေဖော်ဆောင်နေတာတွေက ဖက်ဒရယ်ပြည်ထောင်စုကို မလိုလားခြင်းဖြစ်တယ်လို့ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး ဖွင့်ပွဲနေ့အခမ်းအနားမှာ ပြောဆိုထားပါတယ်။

ဒီညီလာခံမှာတော့ ထူးခြားမှုအနေနဲ့ လက်ရှိ NCA ကို လက်မခံဘဲ သဘောထားတင်းမာတယ်လို့ ယူဆထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ တရုတ်နိုင်ငံရဲ့ကြားဝင်ညှိနှိုင်းမှုတွေကြောင့် ညီလာခံဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်တွေထဲမှာ လက်ရှိအချိန်ထိ တပ်မတော်နဲ့ အဓိကတိုက်ပွဲဖြစ်ပွားနေတဲ့ အဖွဲ့တွေလည်း ပါဝင်နေပါတယ်။ မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ကတော့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA၊ မိုင်းလားအဖွဲ့ NDAA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP – SSA ၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ၊ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ရခိုင့်တပ်မတော် AA တို့ဖြစ်ပါတယ်။

မြောက်ပိုင်းအဖွဲ့တွေဟာ NCA ကို လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့အတွက် ညီလာခံမှာ ဝင်ရောက်ဆွေးနွေးခွင့်တော့ မရခဲ့ပါဘူး။ ဒါပေမယ့်လည်း သူတို့ရဲ့နိုင်ငံရေးသဘောထား ရပ်တည်ချက်စာအုပ် ( ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ်နှင့် တစ်နိုင်ငံလုံး လွှတ်တော်အဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ်) ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၂၆ ရက်က ပေးအပ်ခဲ့ပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ တွေ့ဆုံမှုအပြီးမှာတော့ UWSA အဖွဲ့၏ ပြင်ပဆက်ဆံရေး ဌာနအကြီးအကဲ ဦးကျောက်ကော်အမ်း က "သူ (ဒေါ်အောင်ဆန်းစုကြည်) ပြောတဲ့ NCA နဲ့ ကျွန်တော်တို့ ပြင်ထားတာ မတူဘူးပေါ့၊ ကျွန်တော်တို့ အရင် NCA ကိုတော့ ထိုးမှာ မဟုတ်ပါဘူး " လို့ ဆိုပါတယ်။

ဒီညီလာခံကြီးမှာ အားလုံးမပါဝင်နိုင်မှု အပါအဝင် အချိန်ကာလတိုလေးအတွင်း ဆွေးနွေးအတည်ပြု လက်မှတ်ရေးထိုးခဲ့တဲ့အပေါ်လည်း ဝေဖန်မှုတချို့ရှိပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ ဗဟိုကော်မတီဝင် ဗိုလ်ချုပ်ဂွမ်မော်က “သက်ဆိုင်ရာ တိုင်းရင်းသားများကိုယ်တိုင် ရွေးချယ်စေလွှတ်တဲ့ ကိုယ်စားလှယ်များမပါဝင်ဘဲ ပြည်ထောင်စုကြီး တစ်ခုလုံးရဲ့အရေး ဆွေးနွေးပြီး အောင်မြင်တဲ့အရွေ့လို့ ကြွေးကြော်နိုင်တာကတော့ အံသြဖွယ်ရာ သတ္တိပါပဲဗျာ”လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပွင့်ပွင့်လင်းလင်း ရေးသားခဲ့ပါတယ်။

ဒါတွေကို စုစည်းပြီး ခြုံငုံကြည့်မယ်ဆိုရင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံ ဒုတိယအစည်းအဝေးရဲ့ အောင်မြင်မှုအတိုင်းအတာက ဘယ်လဲ၊ ဘာလဲဆိုတာတွေ မေးခွန်းထုတ်စရာတွေ ရှိနေသေးပါတယ်။

ရေရှည်သွားရမယ့် ငြိမ်းချမ်းရေးခရီးစဉ်ကြီးမှာ ဒီလိုသဘောတူညီချက်တွေက အစကောင်းမှ အနှောင်းသေချာမှာ ဖြစ်ပါတယ်။ ဒီတော့ ခရီးဝေးရောက်နိုင်ဖို့  ဘာတွေ လိုအပ်ပါသလဲ။

ဒီနေရာမှာ ကိုးကားချင်တာက ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးမှာ ပြောဆိုသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပိတ်မိန့်ခွန်းထဲက စကားစုဟာ မြန်မာ့ငြိမ်းချမ်းရေးအတွက် စဉ်းစားစရာပါ။

“တာတိုခရီးတွေမှာ ခွန်အားကြီးသူတွေက သာလွန်တတ်ကြပေမယ့် တာဝေးခရီးတွေမှာ စိတ်ဓါတ်ခိုင်မာသူတွေက အဓိကအောင်ပွဲဆင်လေ့ ရှိကြပါတယ်”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly