ကနေဒါ အခြေစိုက် Manulife ကုမ္ပဏီ ပြည်တွင်း၌ အသက်အာမခံလုပ်ငန်းများ လုပ်ကိုင်မည်

ကနေဒါ အခြေစိုက် Manulife ကုမ္ပဏီ ပြည်တွင်း၌ အသက်အာမခံလုပ်ငန်းများ လုပ်ကိုင်မည်
ဓာတ်ပုံ-Manulife ၏ အာရှဒေသခွဲဆိုင်ရာ အမှုဆောင်အရာရှိ မစ္စတာ Indrien S.Naidoo က မဇျွိမ၏ မေးမြန်းမှုများကို  ဖြေကြားနေစဉ်

ရန်ကုန်၊ မေလ ၃၀ ။              ။ အာရှဒေသတွင်းနိုင်ငံများတွင် အာမခံလုပ်ငန်းများလုပ်ကိုင်နေသော ကနေဒါအခြေစိုက် Manulife ကုမ္ပဏီက ပြည်တွင်းတွင် အသက်အာမခံလုပ်ငန်းများလုပ်ကိုင်ရန် စီစဉ်ထားကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ဖွံ့ဖြိုးတိုးတက်လာသည့် မြန်မာနိုင်ငံ၏ အာမခံဈေးကွက်အတွင်း ဝင်ရောက်လုပ်ကိုင်ရန် Manulife ကုမ္ပဏီက ကြိုးပမ်းနေပြီး  ယခုနှစ်အတွင်း လုပ်ကိုင်ခွင့်ရရန် မျှော်မှန်းထားကြောင်း ယင်းကုမ္ပဏီ၏ အာရှဒေသခွဲဆိုင်ရာ အမှုဆောင်အရာရှိ မစ္စတာ Indrien S.Naidoo က မဇျွိမကို ပြောသည်။

"၂၀၁၄ ခုနစ်တည်းက မြန်မာနိုင်ငံမှာ လုပ်ငန်းလိုင်စင်ရဖို့ ကြိုးပမ်းနေတာပါ။ အစိုးရဘက်က လိုင်စင်ရတာနဲ့ တစ်ပြိုင်နက် မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်း၊ ငွေရေးကြေးရေးလုပ်ငန်း၊ အာမခံလုပ်ငန်းနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေကို လုပ်ကိုင်သွားမှာပါ" ဟု  မစ္စတာ Indrien S.Naidoo က ပြောဆိုသည်။

ထို့ပြင် လုပ်ကိုင်ခွင့်ရရှိခဲ့ပါက ပြည်တွင်းတွင် ပင်စင်အာမခံ၊ အသက်အာမခံနှင့် ကျန်မာရေးအာမခံတို့ အပါအဝင် လူတစ်ယောက်၏ အသက်ရှင်နေထိုင်ရေးနှင့် သက်ဆိုင်သည့်အာမခံလုပ်ငန်းများကို လုပ်ကိုင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် ပုံစံနှင့်ပမာဏကို အတိအကျမပြောနိုင်သေးသော်လည်း ပြည်တွင်းတွင် လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိမည့် အခွင့်အရေးအားလုံးကို မျှော်မှန်းထားသည်ဟုလည်း Manulife ကုမ္ပဏီထံမှ သိရသည်။

"အခုအချိန်တော့ အခွင့်အရေးအကုန်လုံးကို မျှော်မှန်းထားပါတယ်။ အစိုးရအဖွဲ့အစည်းတွေ၊ ပြည်တွင်းအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းရမယ်ဆိုလည်းပူးပေါင်းမယ်။ တစ်ယောက်တည်း လုပ်ကိုင်ခွင့်ရမယ် ဆိုလည်းလုပ်မယ်" ဟု အမှုဆောင်အရာရှိ မစ္စတာ Indrien S.Naidooက ထပ်လောင်းပြောဆိုသည်။

မြန်မာနိုင်ငံ၏ အာမခံဈေးကွက်အတွင်း ၂၀၁၂ ခုနစ်မှစ၍ ပုဂ္ဂလိကကုမ္ပဏီများကို စတင်လုပ်ကိုင်ခွင့်ပေးခဲ့ပြီး  လုပ်ငန်းပေါင်း ၁၂ ခုကို  လုပ်ငန်းလိုင်စင် ထုတ်ပေးထားပြီး ပြည်တွင်းတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ထားသည့် နိုင်ငံခြားအာမခံကုမ္ပဏီပေါင်း ၂၀ ဝန်းကျင်ရှိသည်။

ထို့ပြင် ၂၀၁၅ ခုနစ်အတွင်း နိုင်ငံခြားကုမ္ပဏီသုံးခုကို သီလဝါအထူးစီးပွားရေးဇုန်တွင် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပေးခဲ့ပြီး လက်ရှိတွင် အခြားနိုင်ငံခြားကုမ္ပဏီများကလည်း ပြည်တွင်းတွင် အာမခံလုပ်ငန်းများ လုပ်ကိုင်ရန် စိတ်ဝင်စားလျက်ရှိကြသည်။

အာရှဒေသရှိ နိုင်ငံများတွင် ဘဏ္ဍာရေးလုပ်ငန်းများလုပ်ကိုင်နေသော ကနေဒါအခြေစိုက် Manulife ကုမ္ပဏီ သည် အင်္ဂလိပ်အုပ်ချုပ်ခဲ့သည့် ၁၉၀၃ ခုနစ်မှ ဒုတိယကမ္ဘာစစ်ကာလ ကုမ္ပဏီ၏ လုပ်ငန်းများ မပြိုလဲခင်အထိ မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်ခဲ့ဖူးသည်။

ယင်းနောက် ၂၀၁၄ ခုနစ်တွင် ပြည်တွင်း၌ ကိုယ်စားလှယ်ရုံးခွဲပြန်လည်ဖွင့်လှစ်ခဲ့ပြီး အာမခံလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိရန် လုပ်ဆောင်လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly