ရော့ခ်ကို သွေးထဲကကို ကြိုက်ခဲ့တာဆိုတဲ့ အဆိုတော် မာရဇ္ဇ နှင့် တွေ့ဆုံခြင်း အပိုင်း(၁)

ရော့ခ်ကို သွေးထဲကကို ကြိုက်ခဲ့တာဆိုတဲ့ အဆိုတော် မာရဇ္ဇ နှင့် တွေ့ဆုံခြင်း အပိုင်း(၁)

မေလ ၃၀၊ ရန်ကုန် ။            ။ မဇ္ဈိမတီဗီကို ကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲ မင်္ဂလာပါခင်ဗျာ ။ ကျွန်တော်တို့ အခုတင်ဆက်ပေးမယ့် အစီစဉ်လေးကတော့ အနုပညာရှင်နဲ့  စကားဝိုင်း အစီစဉ်လေးပဲ ဖြစ်ပါတယ် ။ ဟုတ်ကဲ့ ကျွန်တော်တို့အစီစဉ်လေးမှာ ဒီတပတ်အတွက် ဖိတ်ကြားထားတဲ့သူကတော့ ကိုယ်ပိုင်သံစဉ်သီချင်းတွေကို တစိုက်မတ်မတ် နှစ် ၂၀ကျော်ပေါ့နော်။ သီဆိုအောင်မြင်လာတဲ့ အခုအချိန်ထိ အောင်မြင်နေဆဲ   တေးရေးဆရာ အဆိုတော်တယောက်ဖြစ်တဲ့ ကိုမာရဇ္ဖနဲ့ ဆွေးနွေးခန်းလေးပဲ ဖြစ်ပါတယ် ။

မေး ။ ဟုတ်ကဲ့ အစ်ကိုရေ မင်္ဂလာပါ

ဖြေ။ မင်္ဂလာပါ ခင်ဗျာ

 မေး ။   ကိုမာရဇ္ဇရဲ့ ဂီတဖြတ်သန်းမှုနဲ့ ဂီတပေါ်မှာ ယုံကြည်ချက် ။ နောက်သီချင်းလေးတွေ ရေးစပ်သီဆိုခံစားမှုလေးတွေပေါ့ ။ အဲဒါလေးတွေ အရင်ဆုံးပြောပြပေးပါဦး။

ဖြေ။  ဒီဂီတကို ဖြတ်သန်းလာတာတော့ ဟို ၈၈လောက်ကတည်းက။ ဒီ ရန်ကုန်မှာ Music လုပ်ချင်တဲ့ စိတ်နဲ့ရန်ကုန်ကို စခြေချခဲ့တာပေါ့နော် ။ ဒါပေမယ့် တကယ်ထွက်ဖြစ်တာတော့ ၉၂၊ ၉၃ ကျမှ ထွက်ခဲ့ရတယ်ဆိုတော့ နှစ်ပေါင်းတော်တော်များများ လူးလဲ၊ လူးလဲနဲ့ ဖြတ်သန်းခဲ့ရတယ်ပေါ့လေ။  ၉၂၊ ၉၃ ကျမှ“ပုံရိပ်မဲ့ဂရပ်ဖစ် ”ဆိုတဲ့ အယ်လ်ဘမ်ကို ပထမဦးဆုံး စထွက်နိုင်ခဲ့တယ်ပေါ့ ။ အဲ့တော့ ဒါဖြတ်သန်းမှုကို ပြောမယ်ဆိုရင် ဒါပထမဦးဆုံး ဖြတ်သန်းမှုတစ်ခုပေါ့။

နောက် စောစောကမေးတဲ့ ဒီ Music ဖန်တီးမှုတွေ ဘာတွေနဲ့ပတ်သက်လို့ကတော့ ကိုယ်တွေက ဒီ ၉၂ ၊၉၃  မတိုင်မီက ဆိုလို့ရှိရင် မြန်မာပြည်မှာ Copy တွေပဲ ခေတ်စားတယ် ။ Copyဆိုမှပဲ လူရာဝင်တယ် ဆိုတဲ့အတိုင်းတာတွေ ရှိခဲ့တဲ့အချိန်မှာ  ။ ကိုယ်တွေလည်း ကော်ပီဆိုခဲ့တာပဲ။ လမ်းဘေးမှာ ဂစ်တာတီးလည်း ပလေးဘွိုင်သန်းနိုင်တို့၊ ဘိုဘိုဟန်တို့သီချင်းတွေဆိုခဲ့တယ် ။ တီးခဲ့တယ် ။ ကိုရဲသွင်နဲ့ဆိုရင် တစ်မြို့တည်းသားတွေဖြစ်တယ်။ လမ်းဘေးမှာ ကိုသန်းနိုင်သီချင်းတွေ ပလေးဘွိုင်သန်းနိုင် သီချင်းတွေ အတူတူဟစ်ခဲ့ကြတာပဲ။ အဲ့တော့ဘာဖြစ်လဲဆိုရင် အဲကော်ပီသီချင်းတွေပေါ့ ။ အဲ့ ရော့ခ်ဖြစ်တဲ့သီချင်းတွေကိုပိုကြိုက်တယ် တချို့ရှိပါတယ် ။အဲတုန်းကဆိုလို့ရှိရင် ကိုမင်းအောင်တို့ ပေါ်တာတွေရှိတယ် ။ထားပါတော့  ။တခြားအဆိုတော်တွေရှိတယ် ။အဲလိုမျိုး အဆိုတော်တွေကို ကိုယ်တွေသိပ်မကြိုက်ခဲ့ဘူး။ ဒါအမှန်တိုင်းပြောရရင် ဒါပေမယ့် ကိုသန်းနိုင်တို့ဘိုဘိုဟန်တို့ ၊ သီချင်းတွေ တော်မီကျော်နိုင်တို့၊ သီချင်းတွေကိုတီးရ ခတ်ရ ဆိုရတာကို ဂုဏ်ရှိတယ်လို့ ထင်ခဲ့တယ်။  ခုချိန်ထိလည်း ကိုယ် ထင်ခဲ့တယ် ။ အဲ ခုချိန်ထိလည်း ဂုဏ်ယူတုန်းပါပဲ ။ ဒါကြောင့်လည်း  ဒီရော့ခ်မြူးဇစ်ကို ကြိုက်တတ်သွားခဲ့တာပေါ့လေ ။ ဒါပေမယ့် အဲဒီချိန်မာ ကိုရဲသွင် အယ်လ်ဘမ် စထုတ်တဲ့ချိန်မှာ ကိုယ်တိုင်လည်း ရန်ကုန်ကို ပါလာတယ်၊ ပါလာတဲ့အချိန်ကြတော့မှ ဒီစောစောကပြောတဲ့ ဂီတလောက မှာ ဒီကော်ပီဆိုတာ ဘယ်လောက် ခက်ခဲလဲဆိုတာ စတွေ့တာ ။ ခက်ခဲတယ်ဆိုတာ တခြားဟာမဟုတ်ဘူး ကိုယ့်အနေနဲ့ပြောတာ ။ ကိုယ့်အနေနဲ့က ဘာလဲဆိုရင် နံပါတ် ၁ က ပိုက်ဆံမရှိဘူး ။ ပိုက်ဆံမပြည့်စုံတဲ့ သူတယောက်ဖြစ်တယ် ။ အဲတော့ ဘာဖြစ်လဲဆိုတော့   ကော်ပီတစ်ခွေလုပ်တော့မယ်ဆိုရင် နံပါတ် ၁ ကမ္ဘာကျော် သီချင်းခွေတွေစုရမယ် နော် ။ နောက်တစ်ခါ တီးဝိုင်းငှားဖို့တို့၊ ဘာတို့ ဒါက ဒုတိယပိုင်းပေါ့လေ ။ ဒီသီချင်းစုတဲ့ ပြဿနာက အရင်ဆုံးစတာပဲ။ ဒီသီချင်းစုတဲ့အခါ ဒီအခွေတွေကို ကိုယ့်မှာ သူများထက်လက်ဦးမှုရအောင် အခွေတွေကို ကြိုပီးတော့ စုဆောင်းနိုင်ရမယ် ။ အဲအတွက် ပိုက်ဆံမရှိဘူး။ ဒီသီချင်းတွေ ပြန်နားထောင်ဖို့အတွက် ကက်ဆက်ကောင်းကောင်းတစ်လုံး ကိုယ့်မှာ မရှိဘူး။ မရှိတဲ့ အခါကြတော့ စဉ်းစားတယ် ။  ငါ ဒီလောကမှာ နေချင်တယ် ။ သို့သော်လည်း ငါဆိုချင်တာလည်း ဒီလိုသီချင်းမျိုးတွေ ဆိုချင်တယ် ။ ငါ ဘယ်လိုလုပ်မလဲ ။ ဟာ ဒါတော့မဖြစ်သေးဘူး။ ဒီကော်ပီသီချင်းတွေဆိုမယ်ဆိုရင်ငါ ပိုက်ဆံမရှိတဲ့အတွက် ဒီလောကမှာ  ဘယ်လိုမှသီချင်းဆိုမယ့် ကိစ္စဖြစ်လာမာမဟုတ်ဘူး။ အဲတော့ ငါဘာလုပ်မလဲ။  ဒီလောကမှာ နေချင်တယ် ။ ဘယ်နေရာမှာ နေရမလဲ ။အဲလိုစိတ်နဲ့ အစ်ကိုက Own tune လေးတွေကို စရေးဖြစ်တာ ။

ရေးဖြစ်ပြီးတော့ ငါသီချင်းရေးဆရာ တယောက်အဖြစ်နဲ့ရပ်တည်မယ် ဆိုပြီးတော့ သီချင်းလေးတွေ စပြီးတော့ရေးတယ် ။ စပြီးတော့ရေးတဲ့အခါမှာ  ရေးပီးတော့ စုလိုက် ရန်ကုန်ဆင်းလာလိုက် အိုအေစစ်စတူဒီယိုထဲမှာ နေတယ် ။ အဲဒီကာလက အဆိုတော်ဖြစ်နေတဲ့ နာမည်ကြီးတွေလည်း ရှိတယ်။ မကြီးတာလည်းရှိတယ်။ ကြိုးစားနေတဲ့သူတွေလည်း ရှိတယ်။ Own tune ဆိုတဲ့ အဆိုတော်တွေပေါ့နော်။ သူတို့ကို အလကားပေးဖူးတယ် ။ ကျွန်တော့် သီချင်းလေးတွေ ဆိုပေးပါ ။ ပိုက်ဆံမပေးပါနဲ့။ နာမည်လေးတစ်လုံး ဒီလောကထဲမာ တည်ဆောက်ချင်တဲ့အတွက် ပေးခဲ့တယ် ဒါပေမယ့် တစ်ယောက်မှ အစ်ကို့သီချင်းတွေကို စိတ်မဝင်စားခဲ့ဘူး ။ယူလည်း မဆိုခဲ့ဖူးဘူး။ အဲ့လိုနဲ့ပဲ နောက်ဆုံး ကိုကိုယ့်ကို သိလိုက်တယ် ။ သြော် တော်ပြီ ။ ငါ့သီချင်း ငါပြန်ဆိုနိုင်တဲ့တနေ့ကြရင် ငါ ရန်ကုန်ပြန်လာမယ်ဆိုပြီး တပ်ခေါက်ပီးတော့ မင်းလှကို ပြန်ဆင်းသွားတယ်။ ပြန်သွားပြီးမှ ဟိုမှာ ပိုက်ဆံရမယ့်အလုပ် မှန်သမျှ ရိုးသားစွာ လုပ်ကိုင်ပြီးမှ ဒီလောကထဲကို “ပုံရိပ်မဲ့ဂရပ်ဖစ်” နဲ့ ပြန်ပြီးတော့ ခြေချလာခဲ့တယ်လို့ ပြောလို့ရပါတယ် ။ ဒါဖြတ်သန်းမှုပေါ့ ။                                            

မေး။ “ပုံရိပ်မဲ့ဂရပ်ဖစ်” ကလည်း စထွက်လာတာနဲ့ ဝုန်းကနဲဆို ပေါက်တာပေါ့နော်။ အဲ့တော့ ဟိုအဲ့ ချိန်ကရော  ရော့ခ်ဂီတအပေါ်မှာ ခံယူချက်ရော ပြောပြပေးပါဦး။

ဖြေ။ အဲဒါကတော့  သွေးသားကိစ္စလို့ပြောရမယ်။ ဘာလို့လဲဆို ကိုယ်တွေက ဒါကြီးက ရော့ခ်ပါလားဆိုတာ မသိခင်ထဲက ရော့ခ်ကို ကြိုက်တတ်နေတာ ။ စောစောက ပြောတဲ့အထဲမှာပါတယ်။  ကိုယ်တွေက ကျန်တဲ့အဆိုတော်တွေမြန်မာပြည်မှာထွက်သမျှ အဆိုတော်တွေ အများကြီးပဲ ။ ကိုယ်တွေက  ကိုသန်းနိုင်တို့၊ ဘိုဘိုဟန် တို့သီချင်းတွေ တော်မီကျော်နိုင်တို့ သီချင်းတွေကိုပဲ ဆိုရတာကို ကျေနပ်တယ် ။ အားရတယ် ။ ကိုယ့်ဟာကိုလည်း ပြည့်စုံတယ်လို့ထင်တယ် ။ Music ကို ဘာမှန်းမသိတတ်ခင်တည်းက ရော့ခ်ကို ကြိုက်တတ်နေတာ ပြောရလို့ရှိရင် ရော့ခ်ကို သွေးထဲကကို ကြိုက်တတ်နေတာ၊ အာပလာ ကြိုက်ခဲ့တာ မဟုတ်ဘူး။

မေး ။ အစ်ကိုရဲ့ ဒုတိယအခွေဆိုလို့ရှိရင် “ဂမ္ဘီရမိုးကြိုး ”ဆိုရင်ပေါ့လေ။ ပထမအခွေ နဲ့ တော်တော်လေးကွာခြားသွားတာတွေ့ရတယ် ။ တော်တော်ကို   ရော့ခ်ဆန်ဆန်ကြီးကို   ဖြစ်လာတယ်။ အဲအပေါ်မာ ပရိသတ်ကလည်း မာရဇ္ဇ ဆိုတာဘာလဲ  ဘယ်လိုမျိုးလဲပေါ့နော် ။ ပရိသတ်ကိုက သို့ လော ၊သို့လောဖြစ်နေတော့ အဲဒီအပေါ်မှာရော ဘယ်လိုပြောပြမလဲ ။

ဖြေ။ အဲဒီမေးခွန်းမေးတဲ့အတွက် ကျေးဇးူတင်တယ် ။ အမှန်တိုင်းပြောရရင် “ပုံရိပ်မဲ့ဂရပ်ဖစ်” ဖန်တီးတုန်းကဆိုရင် ကိုယ်က အင်္ဂလိပ်သီချင်းနားမထောင်ဖူးဘူး။ ဒါ အမှန်တိုင်းပြောတာ အော်ရီဂျင်နယ်သီချင်းကို လုံးဝနားမထောင်ဖူးဘူး ။ သူများဖွင့်သံလောက်ပဲ ဘေးကကြားဖူးတာ ကိုယ်တိုင် ကက်ဆက်ထဲထည့်ပြီး ကျကျနန နားထောင်ရမှာ သိပေမယ့်   စောစောကပြောတဲ့ မန်းနီး ကြောင့်ပေါ့လေ ။ မရှိတဲ့အတွက် အခွေလည်း ကောင်းကောင်းမရှိ ကက်ဆက် ကောင်းကောင်းလည်း မရှိတဲ့အတွက် ၊  သီချင်းနားထောင်ချင်ရင် လက်ဖက်ရည်ဆိုင် သွားနားထောင်ရတဲ့အတွက်၊ အင်္ဂလိပ်သီချင်းကို နားမထောင်ရတဲ့အတွက် ၊ “ပုံရိပ်မဲ့ဂရပ်ဖစ်” တစ်ခွေလုံးက မြန်မာသီချင်းတွေ နားထောင်ပြီး ပြန်ဖန်တီးထားတာဖြစ်တဲ့အတွက်  ဒါပေမယ့် ကိုယ့်ရဲ့အိမ်မက်က ဘာလဲဆိုတော့ ငါပိုက်ဆံများရှိခဲ့လို့က ငါ့အိမ်မက်သည် အခွေတွေအများကြီးဝယ်စုပီးတော့ ကက်ဆက်ကောင်းကောင်းနဲ့ အော်ရီဂျင်နယ်သီချင်းတွေ နားထောင်ချင်တဲ့ အိမ်မက် ။ ဒါပေမယ့် မမျှော်လင့်ဘဲ “ပုံရိပ်မဲ့ဂရပ်ဖစ်” ထွက်ထွက်ချင်းပေါက်သွားတဲ့အချိန်မှာ ပိုက်ဆံရလာတယ် ။ ရလာတဲ့ အခါမှာ ပထမဆုံးစလုပ်တဲ့ အလုပ်က အဲဒါပဲ။ အခွေတွေစုတယ် မမှီလိုက်တဲ့ အခွေတွေကို ပြန်ကူးတယ်။ နားထောင်တယ် ။ နောက်ဆုံး ခွေပုံပေါ်မှာ အိပ်ချင်တဲ့ဆန္ဒရှိခဲ့တယ် ။ တကယ်လည်း အိပ်ခဲ့ရတယ် ။ တစ်နေ့တစ်နေ့အဲဒီ အခွေပုံပေါ်မှာပဲ သီချင်းတွေ နားထောင်လာတယ်။ နောက်ဆုံး ဘာဖြစ်လာလဲဆိုတော့ အဲဒီအချိန်မှာ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်မိတယ်။  

အင်္ဂလိပ်သီချင်းများများ နားထောင်တဲ့ချိန်မှာ ငါရေးခဲ့တဲ့သီချင်းတွေက လိုအပ်ချက်တွေ အများကြီးရှိသေးပါလား သိလိုက်ရတယ် ။ အဲ့ချိန်ကြမှ ဒုတိယအခွေတွက် ရေးထားတဲ့ သီးချင်းတွေ   ပြန်မွမ်းမံရတယ်။ တချို့ သီချင်းတွေက နည်းနည်းလိုနေတယ်။ ပြန်သုံးသပ်ပြီး ပြင်ဆင်ခဲ့တယ်။ “ဂမ္ဘီရမိုးကြိုး”အခွေကို ပြန်ဖန်တီးခဲ့တယ် ။ အဲဒီအချိန်မှာ လုံး၀ ဟသွားတယ် ။ “ပုံရိပ်မဲ့ဂရပ်ဖစ်”နဲ့ လုံး၀ ဟတယ် ။ အဲလိုဆိုတော့ ဒုတိယအကြိမ် အခွေထက်တော့ ပထမအခွေ အရှိန်ကြောင့် ရောင်းတော့ရောင်းရတယ် ။ ဒါပေမယ့် အခွေက မအောင်မြင်ဘူး ရပ်သွားတယ် ။ တစ်နှစ်လောက်အခွေက မျောသွားတယ် ။ “ပုံရိပ်မဲ့ဂရပ်ဖစ်”နဲ့  ဖြစ်လာတဲ့ မာရဇ္ဇ ကို “ဂမ္ဘီရမိုးကြိုး”မှာ လူတွေ နားမလည်တော့ဘူး။  ခုနပြောသလို ဘာဖြစ်သွားတာလဲအဲ့ချိန်မှာ အခွေက သိပ်မရောင်းရတော့ဘူး။  ဘယ်လောက်တောင်လဲဆိုရင် အဲ့တုန်းက ဂျာနယ်မပေါ်သေးဘူး မဂ္ဂဇင်းတွေမှာရေးတဲ့ဆောင်းပါးတွေဆိုရင် ကိုယ့်ဓာတ်ပုံပါသုံးပြီးတော့  မထစ်ချူန်းနိုင်တော့တဲ့ဂမ္ဘီရမိုးကြိုး ဆိုပြီးတော့ကို သမတာ။

မေး။ ဒါပေမယ့် ကျွန်တော်တို့လည်း နားထောင်သူ ပရိသတ်ပဲလေ ။ အဲဒီချိန်က  ကိုမာရဇ္ဇအခွေ တွေက ဝုန်းဆို ပေါက်တာမျိုးမဟုတ်ဘဲ ဒီလိုပဲ တအိအိနဲ့ ရောင်းနေရတာပဲလေ မဟုတ်ဖူးလားခင်ဗျ ။

ဖြေ။ အင်း မှန်တော့မှန်တယ် ။ ဒုတိယအခွေမှာ နည်းနည်း အရသာက ချက်ချင်းချိန်းသွားတော့ တစ်နှစ်လောက် ရပ်သွားတာပေါ့လေ။ အမှန်တိုင်းပြောရရင် ဟာ သွားပြီကွာပေါ့ ။ ဘယ်လို ဖြစ်တာလဲပေါ့ ။ ဒါပေမယ့် ကိုကိုယ့်ကို ကျေနပ်တယ်။  အဲနောက် ဘာဖြစ်လဲဆိုတော့ ဒါရိုက်တာ သန်းဖေလေး အခုတော့ ဆုံးပါးသွားပါပြီ ။ အင်မတန် ကိုယ်တို့လေးစားရပါတယ် ။သူတစ်နေ့ ကိုယ့်အိမ်ရောက်လာပြီးတော့ ညီလေး သီချင်းလေးတွေ သုံးချင်တယ်ပေါ့။  အဲဒီတုန်းက ဗီဒီယိုခေတ်ပေါ့နော် ။ ဗီဒီယိုသီချင်းလေးတွေ သုံးချင်တယ်ဆိုတော့။ ဟုတ် ဦးဖေသုံးပါပေါ့ ဘယ်ဟာကို သုံးချင်တာလဲဆိုတော့ အစ်ကိုက တပုဒ်တည်း မဟုတ်ဘူး။ လေးငါးပုဒ်ကိုသုံးချင်တာ ဆိုတော့ အော်ဟုတ်ပြီသုံးပါ။ ဘယ်သီချင်းတွေ သုံးချင်တာလဲဆိုတော့ ဒုတိယ အခွေထဲက သီချင်းတွေ သုံးချင်တာဆိုတော့ နည်းနည်းအံ့သြသွားတယ် ။ ဟာ  အခွေက ပေါက်ထားတာမဟုတ်ဘူးဆိုတော့ အဲဒီထဲက သီချင်းလေးတွေကြိုက်လို့ပါ ။ လေး ငါးပုဒ် ဘယ်သီချင်းတွေလဲဆိုတော့ အဲထဲက အသဲလေးတို့ ၊ ဆုံးရှုံးရတော့မလားပေါ့နော် ။ အဲ့ချိန်က လူမသိသေးဘူး၊ နောက် သံသယနဲ့ ချစ်နေမဲ့အစား ၊  မျှော်လင့်ချက်ဝေး ။ နောက်ထပ် တခြားဟာတွေရယ်ပေါ့ ။ သုံးလိုက်တယ်ပေါ့နော် ။ အဲဒီချိန်က မင်းသားဒွေး ရယ်၊ မင်းသမီးက စုလှိုင်နှင်း ဇာတ်ကားနာမည်က “မျက်ရည်များနှင့်မနမ်းပါနှင့်” အဲဒီဇာတ်ကားထဲမှာ မင်းသားဒွေးက အဆိုတော် ။ သူ့မှာ လည်ချောင်းကင်ဆာ ရှိတယ်။ ကောင်မလေးကို အရမ်းချစ်တဲ့အခါကြ သူက ဘယ်လိုပြောမလဲ ။ အထင်လွဲအောင်ပေါ့ ။ သူ့ကိုယူရင် ကောင်မလေး ဒုက္ခရောက်မှာစိုးတော့ တခြားစော်တွေနဲ့တွဲပြပီးတော့ အထင်လွဲအောင်လုပ်လိုက်တဲ့အခါ သူ့ကို အထင်လွဲပြီး မုန်းသွားပီးတော့ နောက်ဘဲတစ်ပွေနဲ့ အိမ်ထောင်ကျသွားပြီး အဲဒီမင်္ဂလာပွဲမှာ သံသယနဲ့ချစ်နေမဲ့ အစား သီချင်းလေးကို အဲဒီပွဲမှာလာပြီးတော့ စင်ပေါ်မှာတင် လျှောသွားရော ။ အခွေကလည်း  တအားမိုက်တော့၊ ဇာတ်လမ်းက အရမ်းကောင်းတော့ ၊ အဲဒါကို တည်ထားတာ မင်းသမီးနာမည် ကလည်း သဲသဲ ဆိုတော့ အသဲလေးကို အာ့ကြောင့်ယူတာ။  အဲဒီတော့ ဒီခွေက ဝုန်းဆို ထပေါက်တော့ တစ်နှစ်လောက်ငြိမ်နေတဲ့ “ဂမ္ဘီရမိုးကြိုး” လည်း အဲကြမှ ထပေါက်တော့တာ ။ ပြောရလို့ရှိရင် မာရဇ္ဇ အခွေတွေက တအိအိသွားနေတယ်ဆိုတာ နောက်မှသိရတဲ့စကားပါ   ။ တစ်နှစ်လောက်ဝပ်နေတဲ့ “ဂမ္ဘီရမိုးကြိုး” အခွေက ဒီဇာတ်ကား ၊ “မျက်ရည်များနှင့် မနမ်းပါနဲ့” ဇာတ်ကားကြောင့် မာရဇ္ဇဆိုတာ အသက်ပြန်ရှင်လာခဲ့ရတာ ။ မဟုတ်ရင် အဲမှာတည်းက လစ်သွားပြီ ။ အင်း အဲ့ဒါသမိုင်းကြောင်းတစ်ခုပေါ့  ။

ဆက်လက်ဖော်ပြပါမည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly