အီရတ်တွင် အိုင်အက်စ်အဖွဲ့၏ အသေခံဗုံးခွဲမှုကြောင့် ၁၆ ဦးထက်မနည်း သေဆုံး

အီရတ်တွင် အိုင်အက်စ်အဖွဲ့၏ အသေခံဗုံးခွဲမှုကြောင့် ၁၆ ဦးထက်မနည်း သေဆုံး

မေ ၃၀ ။           ။ အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်ရှိ ရေခဲမုန့်ဆိုင်တစ်ခု၌ မေလ ၂၉ ရက် ညပိုင်းက အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားပြီး အနည်းဆုံး ၁၆ ဦးသေဆုံးသွားခဲ့ကြောင်း အာဏာပိုင်များက ထုတ်ပြန်ပြောကြားသည်။ တစ်ချိန်တည်းမှာပင် ယင်းတိုက်ခိုက်မှုမှာ မိမိတို့ လက်ချက်ဖြစ်ကြောင်း အစ္စလမ္မစ်နိုင်ငံတော် အကြမ်းဖက်အဖွဲ့က ထုတ်ပြန်ပြောကြားလာသည်။

ဘဂ္ဂဒက်မြို့လယ်တွင် ဖြစ်ပွားခဲ့သော ယင်းဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်တွင် ဒဏ်ရာရသူဦးရေမှာလည်း ၇၅ ဦးထိ ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

ယင်းတိုက်ခိုက်မှုကို မိမိတို့ စီစဉ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းဖြစ်စဉ်တွင် အီရတ်နိုင်ငံသားတစ်ဦးက ပေါက်ကွဲစေတတ်သော ပစ္စည်းများတင်ဆောင်ထားသော ကားကို ဆိုင်အတွင်း မောင်းဝင်ဖောက်ခွဲသွားခဲ့ခြင်းဖြစ်ကြောင်း ပြောထားသည်။

ယခု အသေခံတိုက်ခိုက်မှုမှာ ယင်းနိုင်ငံတွင်းရှိ ရှီးအိုက်မွတ်ဆလင်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။

အီရတ်တွင် ရှီးအိုက်မွတ်ဆလင်များမှာ မိစ္ဆာဒိဌိအယူဝါဒီများ ဖြစ်သည်ဟု အိုင်အက်စ်တို့ဘက်က သတ်မှတ်ထားသည်ဟု သိရပြီး မကြာခဏဆိုသကဲ့သို့ ၎င်းတို့အပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများ ကျူးလွန်လေ့ရှိသည်။

ယခု ရေခဲမုန့်ဆိုင် တိုက်ခိုက်ခံရမှုဖြစ်စဉ်အပေါ် အီရတ်ရှိ နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ဆိုင်ရာ အမေရိကန်သံအရာရှိ ဘရက်တ် မက်ဂါ့ခ်က ပြင်းထန်စွာ ပြစ်တင်သွားခဲ့သည်။

အိုင်အက်စ်တို့အနေဖြင့် ယင်းနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က ဘဂ္ဂဒက်အနောက်နှင့်မြောက်ခြမ်းဒေသများကို သိမ်းပိုက်ထားခဲ့သော်လည်း ယခုအခါ နိုင်ငံတကာညွှန့်ပေါင်းတပ်ဖွဲ့၏  လေကြောင်းပစ် ကူမှုဖြင့် အီရတ်တပ်များက ယင်းဒေသအများစုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် နယ်မြေအများစုကို လက်လွှတ်ဆုံးရှုံးထားရပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly