ဖမ်းမိ ဖုန်းအလုံးပေါင်း ၃၅၀၀ ကျော်ကို အကောက်ခွန် ဦးစီးဌာနသို့ လွှဲပြောင်း

ဖမ်းမိ ဖုန်းအလုံးပေါင်း ၃၅၀၀ ကျော်ကို အကောက်ခွန် ဦးစီးဌာနသို့ လွှဲပြောင်း
ဓာတ်ပုံ-ရေပူစစ်ဆေးရေးစခန်း
 

ရန်ကုန်၊ မေ ၃၀ ။           ။ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးရမိထားသည့် ဖုန်းအလုံးပေါင်း ၃၅၀၀ ကျော်ကို လားရှိုးမြို့နယ် အကောက်ခွန် ဦးစီးဌာနရုံးသို့ လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်ကြောင်း ရေပူ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံ၊ ဦးတက်ထွန်းအောင်က မဇ္ဈိမသို့ ပြောသည်။

“ ဖုန်းတွေကို လားရှိုးဘက်ကို အခုပဲ ထွက်သွားပါပြီ။ သွားအပ်ပါပြီ။ ဖမ်းဆီးတဲ့ဟာတွေကို အကောက်ခွန်အပ်တာ ရှိတယ်။ သစ်တော အပ်တာရှိတယ်။ မူးယစ်ကို အပ်တာရှိတယ်။ အပ်ပြီးရင် ကျွန်တော်တို့တာဝန် ပြီးသွားပြီ” ဟု ၎င်းက ပြောဆိုသည်။

တရုတ်နယ်စပ် မူဆယ်ဘက်မှ အခွန်ပေးဆောင်ခြင်းမရှိဘဲ ကားအတွင်း အံဝှက်များပြုလုပ်ပြီး လက်ကိုင်ဖုန်း ထောင်ဂဏန်းကျော် တင်ဆောင်လာသော ရွှေငြိမ်းချမ်းခရီးသည်တင်ယာဉ်ပေါ်တွင် မေလ ၂၈ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အကောက်အခွန်မဲ့ လက်ကိုင်ဖုန်းအမျိုးစားမျိုးစုံ  ၃၅၂၀ လုံးနှင့် ဖုန်းဗူးခွံ ၆၉၃ ဘူးအပါအဝင် ဆက်စပ်ပစ္စည်း ၇၄၁ စုံကို ဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်သည်။

Huawei ၁၃၂၂လုံး၊ နှင့် Samsung ၁၈၅ လုံး၊ I phone ၁၁၃ လုံးနှင့် Mi အမှတ်တံဆိပ် အပါအဝင် အခြားဖုန်းနှင့် ဆက်စပ်ပစ္စည်း စုစုပေါင်း ၄၂၄၅ ခု ဖမ်းမိခဲ့ကြောင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း မှသိရသည်။

မေလ ၂၈ ရက်နေ့က မူဆယ်ဘက်မှ ကားတစ်စီး အခွန်မဲ့လက်ကိုင်ဖုန်းများ သယ်ဆောင်လာသည်ဟု သတင်းအရ မေလ ၂၉ ရက်၊ မနက် ၁၁ နာရီတွင် အဆိုပါလက်ကိုင်ဖုန်းများ သယ်ဆောင်လာသော ခရီးသည်တင်ကားအား ရှာဖွေဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ နေ့စဉ်ကုန်တင်ကားပေါင်း ၅ဝဝဝ မှ ၆ဝဝဝ ထိ ဖြတ်သန်းသွားလာနေပြီး ဖြတ်သန်းနေသောကားများမှ တရားမဝင်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ၊ မှောင်ခိုကျောက်စိမ်းများနှင့် သစ်များ၊ အရည်အသွေးမမှီသည့် စားသောက်ကုန်များ၊ အခွန်မဲ့စားသောက်ကုန်စည်များ နှင့် အသုံးအဆောင်ပစ္စည်းများကို ဇန်နဝါလ ၁၆ ရက်မှ စတင်ကာ ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းမှ ပူးပေါင်း စစ်ဆေးရေး ၁၂ ဖွဲ့ဖြင့် စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly