ခပ်ညံ့ည့ံ အတွေးများ

ခပ်ညံ့ည့ံ အတွေးများ

ကျောင်းတွေဖွင့်တော့မယ်။ ကျောင်းတွေဖွင့်တော့မယ်ဆိုတော့ ကျောင်းသားမိဘတွေခမျာ အကုန်အကျတွေ များကြရှာပြီပေါ့။ ဒါတောင် ခုနောက်ပိုင်း ပညာရေးစနစ်အရ ကျောင်းသားမိဘကချည်း အားလုံး အကုန်ခံစရာမလိုဘူး။ အစိုးရပိုင်းကလည်း ကျခံပေးလို့ တော်သေးတယ်။ စရိတ်မျှပေး ကျန်းမာရေးဆိုသလို စရိတ်မျှပေး ပညာရေးဖြစ်လာတာ မောင်မှန်တို့ ဝမ်းသာစရာပဲ။ အစိုးရသစ်လက်ထက်မှာ ကျန်းမာရေးနဲ့ ပညာရေးဘတ်ဂျက်တွေ တိုးမြင့် သုံးစွဲခွင့် ရလာတာလည်း ဝမ်းသာရတာပဲ။ ကျောင်းလာမအပ်နှံနိုင်တဲ့ ကလေးတွေကို အိမ်တိုင်ရာရောက်တောင် လိုက်ပြီး ခေါ်ဆောင်အပ်နှံစေမယ့် စီမံချက်မျိုးတောင် လုပ်မယ်လို့ ကြားလိုက်မိသေးတယ်ခင်ဗျာ။ အင်မတန်ကောင်းပါတယ်။ (တကယ်ဖြစ်ခဲ့ရင်ပေါ့လေ။)

နောက်ပြီး တန်းခွဲတွေကိုလည်း A,B,C,D,S စတာမျိုးတွေ မထားတော့ဘူးတဲ့။ ပန်းနာမည်တွေနဲ့ ပြောင်းလဲခေါ်ဝေါ်တော့မှာတဲ့။ ဒါလည်းကောင်းတာပဲ။ မောင်မှန်ဖြင့် သဘောကျတယ်။ မောင်မှန်တို့ ငယ်ငယ်က A,B,C တန်းခွဲစနစ်နဲ့ စာသင်ခဲ့ရတာ။ စာတော်သူများ A ခန်းသွား၊ B ခန်းသွား၊ အလယ်အလတ် C,D မှတ်၊ ဖွတ်ကျားစုံညီ E,F,G ပဲ။ အလယ်တန်းလောက်ရောက်တော့ အကျခန်းဆိုတာ ရှိသေးတယ်။ အဲဒီအခန်းကတော့ စံပြခန်းပဲ။ နှစ်ကျတွေစုထားတာ။ ဆရာမနိုင် နှစ်ဆောင်ပြိုင်ပဲ။ မောင်မှန်က နှစ်ကျခန်း မနေဖူးသလို A,B,C လည်း မနေဖူးပါဘူး။ A,B,C က ကောင်တွေကိုလည်း အထင်လည်းမကြီး၊ အားလည်းမကျဘူး။ အဲဒီအခန်းကကောင်တွေဆို မောင်မှန် အမြဲတမ်း ကန်တန်တန်ဆက်ဆံတယ်။ ပြဿနာရှာတယ်။ အတန်းချင်း ဘောလုံးချိန်းကန်ရင် အသားလွတ် လူချတယ်။ အနိုင်ကျင့်တယ်။ စာတော်ဦးကွာ၊ ဆရာမဖားဦးကွာဆိုပြီး စိတ်ထဲက ကျိန်ဆဲရင်းပေါ့။

နည်းနည်းအရွယ်ရလာတော့ ပြန်စဉ်းစားကြည့်တဲ့အခါ အဲဒီ မောင်မှန် တုံ့ပြန်မှုတွေဟာ အငုံ့စိတ်ကလာတယ်ဆိုတာ ကိုယ့်ကိုကိုယ် သဘောပေါက်သွားတယ်။ A,B,C အခန်းတွေမှာ စာတကယ်တော်လို့ ရောက်နေသူတွေ ရှိသလို မိဘအရှိန်အဝါနဲ့ ရောက်နေသူတွေလည်း ရှိ၊ ဖော်လံဖားတွေလည်းရှိတယ်။ ကျောင်သားချင်း ကောင်းကောင်းသိတာပေါ့။ ကိုယ်က အလယ်အလတ် အခန်းမှာနေရတော့ ကိုယ့်ကို ခွဲခြားနိမ့်ချ ဆက်ဆံတယ်လို့ ခံစားရတယ်။ ဒါကို မကျေနပ်ဘူး။ နှစ်ကျတွေချည်း စုထားတဲ့ အခန်းက ကျောင်းသားတွေရဲ့ ခံစားမှုဆို ပိုဆိုးတော့မှာပေါ့။ ဆရာ၊ ဆရာမတွေကလည်း နှိမ်ထား၊ ကျောင်းသားချင်းကလည်း အပေါင်းအသင်း မလုပ်ချင်ကြဘူး။ နှစ်ကျကျောင်းသား ကျောင်းသူတွေကို ဖေးဖေးမမ မညာပေးပြုပြင်ကြရမယ့်အစား နှိမ့်ချ ခွဲခြားထားတော့ အဆိုးသံသရာ လည်မဆုံးတော့ဘူးပေါ့။

မောင်မှန်တို့ သားသမီးတွေ ခေတ်ကျတော့ တချို့ကျောင်းတွေမှာ (အနည်းငယ်မှာ)Special ခန်း (S)ခန်း ဆိုတာတောင် ရှိလာတယ်။ အညွန့်အခေါင်အဖျား ကျောင်းသားတွေရဲ့ အခန်းပေါ့။ S ခန်းရှိတဲ့ ကျောင်းတွေကလည်း ညွန့်ပေ့၊ ခေါင်ပေ့ဆိုတဲ့ ကျောင်းတွေချည်းပါ။ နောက်ပိုင်းတော့ စဉ်ဆက်မပြတ် ပညာရေးစနစ်ဆိုလား၊ ကျရှုံးသူမရှိ ပညာရေးစနစ်ဆိုလား ပေါ်လာတယ်။ ကျရင်ပြန်ဖြေ ကုစားစနစ် ရှိလာတယ်။ ကျတဲ့သူမရှိသလောက်ပေမဲ့ အတော်အညံ့ ခွဲခြားဆက်ဆံမှုကတော့ အဆုံးသတ်မသွားသေးဘူး။ မောင်မှန်က ခပ်ညံ့ညံ့ကောင်ဆိုတော့ ညံ့တဲ့ဘက်ကနေ တအား စာနာနားလည်တက်တာ၊ ပြီးခဲ့တဲ့ ၂ နှစ်လောက်က ရောင်နီလေး သမ်းစပြုလာတာ မြင်ရတော့ ဝမ်းသာလိုက်ရတာ။ ကျောင်းတွေရဲ့ ပညာရည်မှတ်တမ်း (Reportcard)မှာ ဘာသာရပ်အလိုက် ရမှတ်တွေ မဖော်ပြတော့ဘဲ A,B,C,D  အဆင့်ပဲ ခွဲတဲ့စနစ် စတင်လာတယ်။ အဆင့် ၁ တို့ အဆင့် ၂ တို့ဆိုတာတွေလည်း မရှိတော့ဘူး။ မောင်မှန် နှစ်ထောင်းအားရရှိလိုက်တာ။ မောင်မှန် ငယ်ငယ်က အဆင့်တွေများလို့ မိဘက ဆူတဲ့အခါ မောင်ဖြူတို့ မနီတို့က အဆင့် ၁ တွေ ၂ တွေရတယ်။ မင်းကတော့ ဘာညာပေါ့လေ။ နှိုင်းရဓမ္မသဘောလေးတွေ အမြဲပါတယ်။ (များတိုင်းမကောင်းတဲ့ အရာတွေထဲမှာ အဆင့်လည်းပါတယ်။ ကုန်ဈေးနှုန်းလိုပဲ) အဲဒီအချိန်တုန်းကဆို အဆင့် ၁၊ ၂ တွေကို အမြဲလို စိတ်အချဉ်ပေါက်နေခဲ့တာ။ ခုခေတ်ကလေးတွေကျ ကံကောင်းသဗျာ။ မောင်မှန်တို့လောက် စိန်ခေါ်မှုတွေ မများတော့ဘူး။ (A ခြောက်လုံးတို့ A ငါးလုံးတို့ရပြီး ဂုဏ်ယူစရာတွေတော့ ရှိနိုင်သေးတယ်။ ဒါပေမဲ့ ဒီလောက်ကတော့ သိပ်အသိသာကြီး မဟုတ်ပါဘူး။ A ခြောက်လုံးနဲ့ D ခြောက်လုံးနဲ့လောက်မှပဲ သိသာမှာ)

ပညာရေးကို အဆင့်သတ်မှတ်ခွဲခြားတဲ့ စနစ်က အတော်ဆိုးတယ်။ ဆရာမ လွန်းထားထား (ဆေးတက္ကသိုလ်)ရဲ့ ဝတ္ထုအချို့ထဲမှာဆို အတန်းထဲမှာ အဆင့် ၁ နေရာကို လှနေကြရတဲ့ ဇာတ်လိုက်တွေ၊ ဇာတ်လိုက်မတွေရဲ့ အားပြိုင်မှုဟာ ကြောက်ခမန်းလိလိပဲ။ အရမ်းကို သည်းသန်ပြင်းထန်တာတွေ့ရတယ်။ တစ်ယောက်တစ်ယောက် အပြတ်ကစ်ကြတာ။ ကိုယ့်အဆင့် ၁ ရဖို့ ဘာမဆို လုပ်ကြမယ်သဘောရှိတယ်။ ပြိုင်ပွဲက ဆယ်တန်းလောက်မှာတင် မဆုံးဘူး။ တက္ကသိုလ်တွေတက်ကြတော့ သူက ဆေး၊ ဘယ်သူကစက်မှု ဘယ်သူက စီးပွားရေး၊ ဘယ်ဝါက ရိုးရိုးမေဂျာ စသဖြင့် ဆက်ကြရသေးတယ။ (ဒါကတော့ လွန်းထားထား ဝတ္ထုနဲ့ မဆိုင်တော့ပါဘူး) ဗမာပြည်မှာ ငါတို့သာ အတော်ဆုံးဆိုတဲ့ အယူအဆရှိတဲ့ ဆရာဝန်အချို့ အင်ဂျင်နီယာအချို့ မောင်မှန် တွေ့ဖူးပါတယ်။ သူ့အထင်နဲ့သူတော့ ဟုတ်လို့ပေါ့။ ဆယ်တန်းအောင်မှတ်များတာနဲ့ တော်တာကို မသဲကွကြသူတွေပေါ့။ အဲဒီ အထင်တွေဟာ ပညာရေး အဆင့်ခွဲခြား သတ်မှတ်ရာက ဖြစ်ပေါ်လာတာပါ။

သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်း ရေးတာလေးတစ်ခု ဖတ်ဖူးတယ်။ သူ ဂျပန်မှာ တာဝန်ထမ်းဆောင်နေတုန်းကတဲ့။ ဆရာကြီး မိတ်ဆွေ ဂျပန်တစ်ယောက်ရဲ့ သမီး သုံးတန်းကျောင်းသူလေးက ကျောင်းက အပြန်မှာ အိမ်အလည်ရောက်နေတဲ့ ဆရာကြီးကိုပြောသတဲ့။ အတန်းထဲမှာ သူ့သူငယ်ချင်းမတစ်ယောက် နေမကောင်းဖြစ်ပြီး အိပ်ရာထဲ လဲနေရာက ဆေးရုံတောင် တင်လိုက်ရပြီတဲ့။ ကျောင်းရက်ရှည် ခွင့်လည်းယူသွားတယ်တဲ့။ ကလေးမလေးပြောတဲ့ အမူအရာက သူငယ်ချင်း ဆေးရုံတက်ရတာကို ဝမ်းသာသလိုကြီး ဖြစ်နေတော့ ဆရာကြီးက သမီးသူငယ်ချင်း ဆေးရုံတက်ရတာ သမီးက ဝမ်းသာနေတာလားလို့ မေးတော့ ကလေးမက ဟုတ်တယ်လို့ ဖြေပါတယ်။ ဆရာကြီးက အံ့အားသင့်ပြီး ဘာဖြစ်လို့လဲဆိုတော့ သူက အတန်းထဲမှာ ပထမ အမြဲရတယ်။ သမီးကလည်း ဒုတိယပဲ အမြဲဖြစ်နေတာ။ အခု သူမရှိတော့ရင် သမီး ပထမဖြစ်မှာ သေချာပြီလို့ ကလေးမလေးက ပြန်ဖြေသတဲ့။ ဆရာကြီး ဒေါက်တာသန်းထွန်း ဘာပြောရမှန်း မသိတော့ပါဘူးခင်ဗျာ။

အခုတော့ မောင်မှန်တို့ဆီမှာ ဒီပြဿနာမျိုးတွေ ဖြစ်လာစရာ မရှိတော့သလောက်ပါ။ (ပညာရေးစနစ် နောက်တစ်မျိုးတော့ မစမ်းသပ်ကြနဲ့ဦးပေါ့။ ခဏခဏ စမ်းသပ်လာကြတာလည်း ကြာပြီမို့လား။) အမှတ်ကလည်း A,B,C,D အတန်းကလည်း လိမ္မော်၊ ချယ်ရီ၊ စတော်ဘယ်ရီ၊ မာလကာ၊ ခတ္တာ၊ ဇီဇဝါ... အားလုံးသော ပန်းပွင့်ရောင်စုံလေးတွေဟာ လှလို့၊ မွှေးလို့၊ လန်းစွင့်လို့၊ ဝေဝေဆာဆာ ပွင့်လို့၊ အဲတစ်ခုပဲ ယမမင်းရဲ့ ဥယျဉ်မှာ မဖြစ်ဖို့ပဲ လိုပါတယ်။ တကယ်တော့ မောင်မှန်နဲ့ ပညာရေးဆိုတာ အဝေးကြီးပါ။ လူညံ့တယောက်ရဲ့ အူကြောင်ကြောင်အမြင်တွေကို သည်းခံ ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly