ဒီပဲယင်း သို့မဟုတ် အမျိုးသမီးတစ်ယောက် သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတဲ့မြို့

ဒီပဲယင်း သို့မဟုတ် အမျိုးသမီးတစ်ယောက် သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတဲ့မြို့
ဓာတ်ပုံ-http://www.asianews.it/news

ဒီပဲယင်း လုပ်ကြံမှု ၁၄နှစ်မြောက် အထိမ်းအမှတ် ဆောင်းပါး

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄ နှစ်၊ အခုလိုနေ့မျိုး၊ ညနေ နေဝင်ရီတရောအချိန်။ “ဒီပဲယင်း”မြို့အနီးက “ကျီရွာ”ဆိုတဲ့ ရွာကလေးဘေးကို ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာတဲ့ ကားတစ်စီး ရောက်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားရှေ့နဲ့ နောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေစီးနင်းလိုက်ပါလာတဲ့ကားတွေ တန်းစီပြီး လိုက်လာကြတယ်။

ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ ဒီကားတန်းဟာ ကချင်ပြည်နယ် စည်းရုံးရေးခရီးစဉ်ကအပြန် မန္တလေးကိုဖြတ်ပြီး ဒီပဲယင်းကို ရောက်လာကြတာပါ။ ရန်ကုန်ကို ပြန်ကြမှာပါ။

နေဝင်ဖြိုးဖျအချိန် ဘုန်းကြီးနှစ်ပါးဦးဆောင်တဲ့ လူတချို့က ဒေါ်အောင်ဆန်းစုကြည်စီးလာတဲ့ကားကို လမ်းကဖြတ်တားပြီး ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်စကားလေးပြောပေးဖို့ တောင်းဆိုကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကားကို ရပ်ခိုင်းလိုက်တော့ နောက်ကလိုက်ပါလာတဲ့ကားတွေလည်း အလိုလို လိုက်ပြီး ရပ်တယ်။ အဲဒီအချိန်မှာပဲ ဘယ်နေရာက ဘယ်လိုထွက်လာမှန်းမသိရတဲ့ လူအုပ်စုကြီးက နောက်မှာပါလာတဲ့ကားပေါ်က လူတွေနဲ့ ကြိုဆိုဖို့ရောက်လာတဲ့လူတွေ အကုန်လုံးကို ဆဲဆိုအော်ဟစ်ပြီး တုတ်တွေ၊ ဝါးချွန်တွေနဲ့ ထိုးကြရိုက်ကြပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည် လိုက်ပါစီးနင်းလာတဲ့ကားအနားရောက်တဲ့အခါ တုတ်ကိုယ်စီကိုင်လာတဲ့ လူ ငါးယောက်က ရှေ့က ဦးဆောင်ပြီးကားကို ဝိုင်းတယ်။ လုံခြုံရေးလိုက်ပါလာတဲ့ ( ကိုတိုးလွင် ) က ကားပေါ်ကဆင်းပြီး တားတယ်။ ကိုတိုးလွင် အရိုက်ခံရပြီး ပုံကနဲ လဲကျသွားတယ်။

နောက်တော့ အမျိုးမျိုးဟန့်တားထားတဲ့ကြားက ကံအားလျော်စွာ ကားမောင်းသူ ကိုကျော်စိုးလင်းရဲ့ ပါးနပ်ရဲရင့်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ကားဟာ ထောင်ခြောက်ထဲက လွတ်ထွက်သွားခဲ့တယ်။ အဲဒီအချိန်က ကျီရွာဘေးတဝိုက်မှာ ဆဲသံဆိုသံတွေ ရိုက်နှက်သတ်ဖြတ်သံတွေ၊ အော်ဟစ်ငြီးငြူသံတွေနဲ့ ကမ္ဘာပျက်သလို ဖြစ်ခဲ့ရတယ်။

ဒီအဖြစ်အပျက်ကြီးဟာ နောင်အခါ ဒီပဲယင်းလုပ်ကြံမှုကြီးအဖြစ် ကမ္ဘာကျော်ခဲ့ရတယ်။

ဒီလုပ်ကြံမှုကြီးမှာ လူဘယ်နှစ်ယောက် ထိခိုက်ဒဏ်ရာ ရခဲ့သလဲ။ လူဘယ်နှစ်ယောက် သေကြေခဲ့ရသလဲ။ လူ ဘယ်နှစ်ယောက် အဖမ်းခံခဲ့ရသလဲ။ ဘယ်သူမှ အတိအကျမသိနိုင်ခဲ့ပါဘူး။

ဒါ့အပြင် ဒီလုပ်ကြံမှုကြီးရဲ့လက်သည်တရားခံက ဘယ်သူလဲ။ ဒီလုပ်ကြံမှုကြီးမှာ ဘယ်သူတွေ ပါဝင်ခဲ့သလဲ။ လုပ်ကြံသူတွေထဲမှာ လက်ပတ်အဖြူပတ်ထားတဲ့ သင်္ကန်းဝတ်ပုဂ္ဂိုလ်တွေဟာ သံဃာတော်အစစ်အမှန်တွေ ဟုတ်ပါရဲ့လား။ ဘယ်လိုရည်ရွယ်ချက်နဲ့ အခုလို ညအချိန်မတော် ဝိုင်းဝန်းလုပ်ကြံခဲ့ကြသလဲ။ ဒီမေးခွန်းတွေရဲ့အဖြေတွေကိုလည်း ဒီကနေ့အထိ ဘယ်သူမှ အတိအကျ ဖြေဆိုနိုင်သူ  မရှိသေးပါဘူး။

(၂)

ဒီပဲယင်းမြို့ဆိုတာ နှယ်နှယ်ရရ မြို့မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ် ၇၀၀ ကျော် ပုဂံခေတ်နှောင်းပိုင်းမှာ တည်ခဲ့တဲ့ မြို့ပါပဲ။ ဘိုးတော်မင်းတရားလက်ထက် အထင်ရှားဆုံးမြို့ ၁၂ မြို့အနက် တစ်မြို့အပါအဝင်။ နေမျိုးသူရရဲခေါင်ဘွဲ့ခံ စစ်သူကြီး မဟာဗန္ဓုလ အပိုင်စားရတဲ့မြို့။ ခမ်းနားလှတဲ့ ဘုံခန်းပျို့ကဗျာကြီး စီရင်ဖွဲ့သီသူ အရှင်အဂ္ဂသမာဓိ၊ အယူတော်ဆရာ ဦးနိုးနဲ့ လယ်တီဆရာတော်တို့ မွေးဖွားသန့်စင်တဲ့မြို့ပါပဲ။

ဒီနေရာမှာ ကွယ်လွန်သူ ခေတ်ပြိုင်ကဗျာဆရာ ကြည်မောင်သန်းက သူရဲ့နာမည်ကျော် ဒီပရင်္ဂ ကဗျာထဲမှာ အခုလို ရေးခဲ့ပါသေးတယ်။

“ဒီမြို့မှာ

မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့

ပန်းတိမ်မင်းသား ခိုလှုံခဲ့ဖူးတယ်

ဒီမြို့ကနေ ကောက်ကျစ်ရုတ်မာတဲ့

မြို့ဝန်ဦးမှန်း

အောက်ပြေကို ထွက်ပြေးခဲ့ရတယ်။

ဒီလိုနဲ့

ဒီမြို့မှာ

သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်

ဒီမြို့မှာ

သစ္စာဖေါက်တွေ အတောင်ပေါက်ခဲ့ကြတယ်

ဒီမြို့မှာ

အမျိုးသမီးတစ်ယောက်

သေကံမရောက် သက်မပျောက်ဖြစ်ခဲ့ရတယ် ”

လို့ ရေးခဲ့ဖူးပါတယ်။

ဒီကဗျာဟာ ထိုစဉ်အချိန်က စစ်အစိုးရရဲ့ စာပေကင်ပေတိုင်လို့ခေါ်တဲ့ စာပေစီစစ်ရေးတွေရဲ့ အလစ်အငိုက်မှာ စွန့်စားရေးဖွဲ့ခဲ့ရတဲ့ကဗျာ တစ်ပုဒ်ပါပဲ။

ဒီပဲရင်း သမိုင်းဝင်ကဗျာအဖြစ် ထင်ရှားလာခဲ့ရပါတယ်။

(၃)

ဒီကနေ့ဟာ ဒီပဲယင်းမြို့အနီး လုပ်ကြံမှုကြီးဖြစ်ပွားခဲ့တဲ့ ၁၄ နှစ်မြောက်နေ့ဖြစ်ပါတယ်။

မိမိတို့နိုင်ငံရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုသမိုင်းကြောင်းဟာ သာမာန် သမိုင်းကြောင်း မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ သွေးတွေ မျက်ရည်တွေ အိုးအိမ်စည်းစိမ်တွေနဲ့ ရင်းခဲ့ရတဲ့ သမိုင်းကြောင်းပါပဲ။

ဒီပဲယင်း လုပ်ကြံမှုကြီးဟာဖြင့် မိမိတို့နိုင်ငံရဲ့ ဒီမိုကရေစီရေးကြိုးပမ်းမှု သမိုင်းကြောင်းမှာ အခြားအခြားသော သွေးမြေကျအရေးအခင်းများလို ပြည်သူတွေ ဘယ်လိုမှမမေ့နိုင်တဲ့၊ ပြည်သူတွေ ဘယ်တော့မှ မမေ့သင့်တဲ့ မဲမှောင်ရက်စက်တဲ့လုပ်ကြံမှုကြီးအဖြစ် သမိုင်းစဉ်တစ်လျောက် ကမ္ဗည်းတွင်နေရစ်တော့မယ်ဆိုတာကတော့ ဘယ်သူမှ ငြင်းနိုင်မယ် မထင်တော့ပါဘူး။

 

ကိုးကား။     ။ ၁။ ကားဆရာ ကိုကျော်စိုးလင်းနှင့် မဇ္ဈိမအင်တာဗျူး

                  ၂။ ကြည်မောင်သန်းရဲ့ “ဒီပရင်္ဂ” ကဗျာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly