အရက်မူးပြီး ကားမောင်းခဲ့မှု သံသယဖြင့် တိုက်ဂါးဝုဒ် အဖမ်းခံရ

အရက်မူးပြီး ကားမောင်းခဲ့မှု သံသယဖြင့် တိုက်ဂါးဝုဒ် အဖမ်းခံရ

မေ ၃၀ ။               ။ အမေရိကန် နာမည်ကျော် ဂေါ့ဖ်အားကစားသမား တိုက်ဂါးဝုဒ်ဟာ ပြီးခဲ့တဲ့ မေလ ၂၉ ရက်က အရက်မူးပြီး ကားမောင်းခဲ့မှု သံသယနဲ့ ဖလော်ရီဒါမှာ ဖမ်းဆီးခံခဲ့ရပါတယ်။

ဂေါ့ဖ်ပြိုင်ပွဲတွေမှာ အဓိကချန်ပီယံ ၁၄ ကြိမ်ထိ ရရှိထားခဲ့ပြီး ကမ္ဘာ့နံပါတ်တစ် ဂေါ့ဖ်ကစားသမားဖြစ်ခဲ့ဖူးတဲ့ တိုက်ဂါးဝုဒ်ကို ဖလော်ရီဒါ ပြည်နယ် ဂျူပီတာမြို့မှာ ကားမောင်းလာစဉ် ရဲက ဖမ်းဆီးလိုက်တာဖြစ်ပြီး ယင်းနေ့ နံနက် ၇ နာရီ ၁၈ မိနစ်မှာပဲ Palm Beach ကောင်တီစခန်းမှာ ပြစ်မှုမှတ်တမ်းတင်ခြင်းခံလိုက်ရတယ်လို့ သိရပါတယ်။

၎င်းဟာ ယင်းနေ့ နံနက် ၁၀ နာရီ မိနစ် ၅၀ မှာပဲ ကိုယ်တိုင်ခံဝန်ကတိနဲ့ ပြန်လွတ်လာခဲ့ပါတယ်။

၎င်းအဖမ်းခံရပြီးပြီးချင်း ရဲတွေက ၎င်းရဲ့ ပြစ်မှုမှတ်တမ်းတင်ဓာတ်ပုံကို ထုတ်ပြန်ခဲ့ရာမှာတော့ မုတ်ဆိတ်နှုတ်ခမ်းမွှေး မရိတ်ထားတဲ့ ဖရိုဖရဲ ပုံစံနဲ့ ဝုဒ်ကို တွေ့မြင်ခဲ့ရပါတယ်။

ယခုလို ဖမ်းဆီးခံရမှုနဲ့ပတ်သက်လို့ တိုက်ဂါးဝုဒ်က ၎င်းအနေနဲ့ အရက်သောက်ထားခြင်း မရှိကြောင်းနဲ့ ယခုကိစ္စမှာ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးသောက်လာရင်းက ဓာတ်မတည့်သလို ဖြစ်ခဲ့ရတာလို့ ပြောဆိုခဲ့ပါတယ်။

ဆရာဝန်ညွှန်တဲ့ ဆေးတွေက သူ့ကို ခုလိုမျိုး မူးမိုက်စေလိမ့်မယ်လို့ မျှော်လင့်မထားမိခဲ့ကြောင်း ၎င်းက မီဒီယာကို ထုတ်ပြန်ပြောကြားပါတယ်။

" ကျွန်တော် ဖြစ်ခဲ့တဲ့အခြေအနေ ဘယ်လောက်ရုပ်ဆိုးခဲ့လဲ ကျွန်တော် နားလည်ပါတယ်၊ ဒါကိုလည်း အပြည့်အ၀ တာဝန်ယူသွားပါမယ်" လို့ ၎င်းက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ယင်းထုတ်ပြန်ချက်ထဲမှာတော့ ဖြစ်စဉ်နဲ့ပတ်သက်လို့ မိသားစု၊ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့  သူ့ပရိသတ်တွေကို  တောင်းပန်ထားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly