နတ်တလင်းစည်ပင်ကော်မတီရွေးပွဲတွင် အရွေးချယ်ခံကိုယ်စားလှယ် ၉ ဦး ထပြန်သွား

နတ်တလင်းစည်ပင်ကော်မတီရွေးပွဲတွင် အရွေးချယ်ခံကိုယ်စားလှယ် ၉ ဦး ထပြန်သွား

နတ်တလင်း၊ မေလ ၂၉ ။            ။ မေလ ၂၉ ရက်က နတ်တလင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးအစည်းဝေးခန်းမတွင် ပြုလုပ်သည့် စည်ပင်ကော်မတီရွေးချယ်ပွဲတွင် အရွေးချယ်ခံ ကိုယ်စားလှယ် ၂၁ ဦးရှိသည့် အနက် ၉ ဦးပြန်သွားပြီး ၁၂ ဦးဖြင့်သာ ရွေးချယ်ပွဲပြု လုပ်ခဲ့ကြောင်းသိရသည်။

“ သူတို့က ကျန်တဲ့ကိုယ်စားလှယ် တွေကို မဲစာရင်းက ပယ်ဖျက်ပေးပါလို့ တောင်းတယ်။ လူကြီးတွေက မဲပေးပွဲပြီးမှ ကန့်ကွက်ဖို့ ပြောတာမရဘူး။ သပိတ်မှောက်တယ် ဆိုပြီး ထပြန်သွားတယ်”ဒုဥက္ကဋ္ဌ နေရာ အရွေးခံရသူ ဒေါ်သီတာအောင်က ဆိုသည်။

ရွေးချယ်ရေးအဖွဲ့က တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံသို့ ချက်ချင်းအကြောင်းကြားခဲ့ပြီး အစိုးရအဖွဲ့က လုပ်ငန်းဆက်လက်ဆောင်ရွက်ရန် အကြောင်းပြန်ကြားသည့်အတွက် ရွေးချယ်မဲပေးမှုများ ဆက်လက်ပြုလုပ်ခဲ့သည်။

မဲပေးမှုရလဒ်အရ ဦးကျော်စိုးမိုး ၁၀ မဲ ၊ ဒေါ်သီတာအောင် ၉မဲ ၊ ဦးဇာနည်အောင် ၅ မဲ ရရှိခဲ့သည်။ ကန့်ကွက်ရခြင်း အကြောင်းအရာ နှင့်ပတ်သတ်ပြီးတိကျသေချာစွာသိရှိစေရန် မေလ ၂၉ ရက်၊ နေ့လည် ၃ နာရီခွဲ အချိန်တွင် ကန့်ကွက်သူ ၉ ဦးကို ခေါ်ယူတွေ့ဆုံမေးမြန်းမှုများပြုလုပ်နေကြောင်း  မြို့နယ်ရွေးချယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

နတ်တလင်းမြို့ နယ် ၏ မြို့နယ်ခွဲတစ်ခုဖြစ်သော တာပွန်မြို့ ရပ်ကျေးစည်ပင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးသုံးဦးသည် ၎င်းတို့ မြို့နယ်မှ  ကိုယ်စားလှယ်များအတွက် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့သည့်အတွက် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ကန့်ကွက်သူတစ်ဦးဖြစ်သူ ဦးထွန်းမြတ်မင်းက ပြောသည်။

“ရွေသာလောင်းဘုရားမှာ သူတို့မြို့နယ်က လူတွေကို မဲပေးကြဖို့ စည်းရုံးရေးဆင်းတယ်။ အဲဒီကိစ္စကို ဖြေရှင်းပေးဖို့ ကျွန်တော်တို့အဖွဲ့က ကိုသန်းအောင်က တင်ပြတော့ မြို့နယ်ကော်မရှင်က မဖြေရှင်းပေးလို့ နှုတ်ထွက်လိုက်တယ်”ဟုဆိုသည်။

အရွေးခံသူ များမှာ နတ်တလင်းမြို့ပေါ်ရပ်ကွက် ၄ ခုမှ ကိုယ်စားလှယ် ၁၂ ဦး ၊ တာပွန်မြို့မှ ကိုယ်စားလှယ် ၉ ဦးတို့ဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် အရွေးခံရသူ ဦးကျော်စိုးမိုး နှင့် အဖွဲ့ဝင်အဖြစ် အရွေးခံရသူ ဦးဇာနည်အောင်တို့မှာ တာပွန်မြို့နယ်မှ ကိုယ်စားလှယ်လောင်းများဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required