ခရီးသည်တင်ကားဖြင့် တရားမဝင်သယ်လာသော လက်ကိုင်ဖုန်းအများအပြား ဖမ်းမိ

ခရီးသည်တင်ကားဖြင့် တရားမဝင်သယ်လာသော လက်ကိုင်ဖုန်းအများအပြား ဖမ်းမိ
ဓာတ်ပုံ-ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း
 

ရန်ကုန်၊ မေလ ၂၉ ။            ။ တရုတ်နယ်စပ် မူဆယ်ဘက်မှ အခွန်ပေးဆောင်ခြင်းမရှိဘဲ ကားအတွင်း အံဝှက်များပြုလုပ်ပြီး လက်ကိုင်ဖုန်း ထောင်ဂဏန်းကျော် တင်ဆောင်လာသော ခရီးသည်တင်ကားတစ်စီးအား ရေပူဂိတ်တွင် မေလ ၂၉ ရက်၊ မနက် ၁၁ နာရီခန့်၌ ဖမ်းဆီးရမိခဲ့ကြောင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံ၊ အကောက်ခွန်ဦးစီး ဌာနရုံးချုပ်ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က မဇ္ဈိမသို့ ပြောသည်။

မေလ ၂၈ ရက်နေ့က မူဆယ်ဘက်မှ ကားတစ်စီး အခွန်မဲ့လက်ကိုင်ဖုန်းများ သယ်ဆောင်လာသည်ဟု သတင်း အရ မေလ ၂၉ ရက်၊ မနက် ၁၁ နာရီတွင် အဆိုပါလက်ကိုင်ဖုန်းများ သယ်ဆောင်လာသော ခရီးသည်တင်ကားအား ရှာဖွေဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“ မနေ့ညကတည်းက စောင့်ဖမ်းနေတာ။ ညဘက်မှပဲ လာတော့ စခန်းက နှစ်မိုင်အကွာမှာ ဒီကားက ရပ်သွား တယ်။ ကားပျက်လို့ဆိုပြီးတော့။ ကိုယ်တို့လည်း ကင်းချပြီးစောင့်ကြည့်နေတာပေါ့ တစ်ညလုံးပဲ။ ဒီမနက်ဂိတ်ထဲ ဝင်လာတဲ့ အချိန်ကျမှ ဖမ်းလိုက်တာ။ ဒီအတိုင်းရှာတော့ ဘာဖုန်းမှ မတွေ့ဘူး။ ကားအတွင်းပိုင်းမှ ဝင်ရှာတော့ အံဝှက်တွေ အဆင့်ဆင့်လုပ်ပြီး လက်ကိုင်ဖုန်းတွေကို ထည့်ထားတာ။ ဖုန်းတွေအလုံးပေါင်း ထောင်ဂဏန်း ကျော်တယ်။ မိုးကလည်း ရွာနေတော့ အသေးစိတ်တော့ မရေရသေးဘူး”ဟု ဦးတက်ထွန်းအောင်က ပြောသည်။

အဆိုပါ ဖမ်းဆီးရမိသည့် လက်ကိုင်ဖုန်းများနှင့် ခရီးသည်တင်ကားကို စစ်ဆေးပြီးစီးပါက လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာရုံးသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိသည်။

အဆိုပါ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ နေ့စဉ်ကုန်တင်ကားပေါင်း ၅ဝဝဝ မှ ၆ဝဝဝထိ ဖြတ်သန်းသွား လာနေပြီး ဖြတ်သန်းနေသောကားများမှ တရားမဝင်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ၊ မှောင်ခို ကျောက်စိမ်းများနှင့် သစ်များ၊ အရည်အသွေးမမှီသည့် စားသောက်ကုန်များ၊ အခွန်မဲ့စားသောက်ကုန်စည်များ နှင့် အသုံးအဆောင်ပစ္စည်းများကို ဇန်နဝါလ ၁၆ ရက်မှ စတင်ကာ ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းမှ ပူးပေါင်း စစ်ဆေးရေး ၁၂ ဖွဲ့ဖြင့် စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required