လူငယ်သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကို ကြည့်ရှုရမည့် "၀ိညာဉ်ကကြိုး"

လူငယ်သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကို ကြည့်ရှုရမည့် "၀ိညာဉ်ကကြိုး"

ရန်ကုန် ၊ မေ ၂၉ ။ ။             ။ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ရိုက်ကူး ပုံဖော်ထားသည့် ဝိညာဉ်ကကြိုး ဟု အမည်ပေးထားသည့် ရုပ်ရှင်ဇာတ်ကားကြီးကို ဇွန်လ ၁၆ရက်မှ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် စတင်ပြသတော့မည် ဖြစ်သည်။

ဝိညာဉ်ကကြိုး ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို မေလ ၂၈ရက်တွင် ရန်ကုန်မြို့ရှိ သမ္မတရုပ်ရှင်ရုံတွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ထုတ်လုပ်သူ ၊ ဒါရိုက်တာ ၊ သရုပ်ဆောင်များ ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ နှင့် စာနယ်ဇင်း မီဒီယာများမှ တက်ရောက်ခဲ့ကြသည်။

ခရေဖြူ ရုပ်ရှင်နှင့် ဗီဒီယို မှ စီစဉ်ပြီး ဝတ္ထု ပုညခင် ၊ ဇာတ်ညွှန်း မင်းညီ ဖြစ်ကာ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) မှ ရိုက်ကူးထားပြီး သရုပ်ဆောင် အောင်ရဲလင်း ၊ သင်ဇာဝင့်ကျော် ၊ ရွှေမှုံရတီ ၊ နေဆန်း ၊ ဦးဝင်းမြိုင် တို့အပြင် တခြားသရုပ်ဆောင်များစွာ ပါဝင် ရိုက်ကူးထားကြသည်။

ဝိညာဉ်ကကြိုး ရုပ်ရှင်ဇာတ်ကားကြီးသည် အချစ်ဇာတ်ကား တစ်ကားဖြစ်ပြီး ငယ်စဉ်ကတည်းက လိုချင်တာကို မရရအောင်ယူ မရရင်ဖျက်ဆီးတတ်သည့် မေတ္တာငတ် မိန်းကလေးတစ်ယောက် ၊ ရှိခဲ့ဖူးသည့် သူငယ်ချင်း၏ ကျေးဇူးတရားတွေကြောင့် မိမိနှလုံးသားကိုပါ ချောက်ထဲ ပစ်ချခံလိုက်ရသည့် မိန်းကလေးတစ်ယောက် ၊ အချစ်နဲ့ သစ္စာအပေါ် အသက်ကဲ့သို့မြတ်နိုးတည်ကြည်ဖြောင့်မတ်သည့် ယောကျ်ားကောင်းတစ်ယောက် ထိုသုံးဦးတို့ ရေးဆွဲမည့် ပန်းချီကားတစ်ချပ် ကို ပိတ်ကားပေါ်တွင် မြင်တွေ့ကြရမည် ဖြစ်သည်။

 "သစ်ခက်ညို " အဖြစ် အောင်ရဲလင်း ၊ "ရွှေဖြူပျို" အဖြစ် ရွှေမှုန်ရတီက  သရုပ်ဆောင် ထားပြီး " ခေတ်သမီး " အဖြစ် သင်ဇာဝင့်ကျော် တို့က အဓိကသရုပ်ဆောင်ထားကာ ထို သုံးယောက်၏ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ကြည့်ရှုရမည် ဖြစ်သည်။

အောင်ရဲလင်း က “ ဝတ္ထုလေးက တကယ်ကို ကောင်းတဲ့ အတွက် လက်ခံရိုက်ကူး ဖြစ်တာပါ။ ဒီကားလေးက အချစ်ကား ဆိုတော့ အားလုံးကြိုက်ကြမယ်လို့ ထင်ပါတယ်။ ဒါရိုက်တာ ကိုစတီးလ်လည်း သေချာ ရိုက်ကူးထားတယ်။ သရုပ်ဆောင်တွေကလဲ စိတ်ရောကိုယ်ပါနှစ်ပြီး သရုပ် ဆောင် ထားကြပါတယ်။ ကြည့်တဲ့ ပရိသတ်တွေ အားလုံးက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကို တွေ့ရ မှာပါ” ဟု ပြောသည်။

လူငယ်အချစ်ဇာတ်လမ်း တစ်ခုဖြစ်သည့် ဝိညာဉ်ကကြိုး ရုပ်ရှင်ဇာတ်ကားကြီးကို ဇွန်လ ၁၆ရက်မှ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် စတင်ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly