ဆိုင်ကလုန်းမုန်တိုင်း မိုရာအတွက် လူမှုဝန်ထမ်းမှ ကြိုပြင်ဆင်ထား

ဆိုင်ကလုန်းမုန်တိုင်း မိုရာအတွက် လူမှုဝန်ထမ်းမှ ကြိုပြင်ဆင်ထား
မီးသတ်တပ်ဖွဲ့မှ မိုရာမုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေစဉ်။ ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

ရန်ကုန်၊မေ၂၉ ။                ။ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မိုရာ၏ အန္တရာယ်နှင့်ပတ်သတ်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကြိုတင်ပြင်ဆင်နေပြီဖြစ်ကြောင်း ညွန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ပြောသည်။

အစောပိုင်းသတိပေးခြင်း ဆိုသည့်အဆင့်ကို စတင်လုပ်ဆောင်နေပြီဖြစ်ပြီး ယခုချိန်ထိ ပြောင်းရွေ့ဖို့ မထုတ်ပြန်ထားသေးကြောင်း ၎င်းကဆိုသည်။

"သတင်းတွေလည်း အမြဲတမ်းထုတ်ပြန်ထားတယ် ။ နောက်ပြီးတော့မှ ရခိုင်မှာတော့ အဓိကပေါ့နော်။ ရခိုင်မြောက်ပိုင်းပေါ့ ဘူးသီးတောင် ၊ မောင်တောဘက်ကိုလည်း ကျွန်တော်တို့ ဦးစီးမှူးတွေလည်း ရောက်နေတယ်။ သူတို့လည်းလုပ်နေကြတယ် ။ အစောပိုင်းသတိပေးခြင်း(Early Warning) အနေနဲ့ ဖြစ်လာရင် ဘယ်လိုလုပ်ကြမလဲပေါ့နော် ။ နောက်တစ်ခုက တခြားဆက်စပ်ဆက်ပြီးတော့ မိုးများတဲ့နေရာလေးတွေရှိနိုင်တယ် ။ ချင်းတို့ ၊ ကချင်တို့လိုမျိုး Early Warning တွေ ထုတ်ပြီးတော့မှ လုပ်နေပါတယ် " ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ညွန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင် က မဇ္ဈိမကို ပြောသည်။

မိုးလေဝသနှင့်ဇလဗေဒ ဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့က မုန်တိုင်းနှင့်ပတ်သတ်၍ ကြေညာထားပြီး ပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည့်အတွက်ကြောင့် အစောပိုင်းသတိပေးခြင်း (Early Warning) အနေနှင့် အခက်အခဲသိပ်မရှိကြောင်း ဆက်ပြောသည်။

လက်ရှိ ဘင်္ဂလားပင်လယ်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုရာ ကို မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက လိမ္မော်ရောင်အဆင့် သတ်မှတ် ထုတ်ပြန်ထားသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့နံနက်မှ နောက် (၄၈) နာရီအတွင်း ဘင်္ဂလားဒေရှ့် ကမ်း‌ခြေဒေသ၊ စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု မိုးဇလမှ ခန့်မှန်းထားသည်။ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၅၀)မှ မိုင်(၆၀)အထိ တိုက်ခတ်နိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသော်လည်း ရခိုင်ပြည်နယ်အတွင်း တစ်နာရီလျှင် လေတိုက်နှုန်း မိုင် ၁၂၀ ထိ ဝင်ရောက် တိုက်ခတ်နိုင်ကြောင်း ပြည်နယ်အတွင်း ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly