၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးတွင် မူဝါဒသဘောတူညီချက် ၃၇ ချက် ချမှတ်နိုင်ခဲ့

၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးတွင် မူဝါဒသဘောတူညီချက် ၃၇ ချက် ချမှတ်နိုင်ခဲ့
ဓာတ်ပုံ-မင်းမင်း

ရန်ကုန်၊ မေ ၂၉ ။            ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ဒုတိယအကြိမ်ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေး တွင် မူဝါဒသဘောတူညီချက် စုစုပေါင်း ၃၇ ချက်ချမှတ်နိုင်ခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ထုတ်ပြန်သည်

နိုင်ငံရေး ခေါင်းစဉ်အောက်တွင် မူဝါဒ သဘောတူ ညီချက် ( ၁၂ ) ချက် ချမှတ်နိုင်ခဲ့ပြီး စီးပွားရေး ခေါင်းစဉ် အောက်တွင် မူဝါဒ သဘောတူ ညီချက် ( ၁၁ )ချက် ၊ လူမှုရေးမူဝါဒ သဘောတူ ( ၄ )ချက်၊ မြေယာ ခေါင်းစဉ် အောက်တွင် မူဝါဒ သဘောတူ ( ၁၀ )ချက် စုစု ပေါင်း သဘော တူညီချက် ၃၇ ချက်ကို ချမှတ်နိုင်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှသိရသည်။

မြေယာကဏ္ဍတွင် ကိုယ်စားလှယ်များက အဓိပ္ပါယ် ဖွင့်ဆိုချက် ၄ ခုကို မူဝါဒအဖြစ် သတ်မှတ်ရန် တင်ပြသောကြောင့် ၄ ချက် တိုးခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကအဆိုပြုတင်သွင်းလာသော မူဝါဒအဆိုပြုချက်များအပေါ် ဏ္ဍအလိုက် အစုအဖွဲ့အလိုက် ဆွေးနွေးပွဲများအဆင့်ဆင့် ပြုလုပ်ပြီး ရရှိလာသောအဆိုပြုချက် ၃၇ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများအဖြစ် အစုအဖွဲ့ ခေါင်းဆောင်များက လက်မှတ်ရေးထိုးခဲ့ကြသည်။

“ ဒီနေ့လက်မှတ်ရေးထိုးခဲ့ကြတဲ့ သဘောတူညီချက်တွေဟာ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး လမ်းမကြီးအပေါ်လျှောက်လှမ်းလိုက်တဲ့ ခြေလှမ်းကြီးဖြစ်ပါတယ် “ ဟု UPDJC ဥက္ကဋ္ဌ  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကားတွင်ထည့်သွင်းပြောဆိုခဲ့သည်။

ကဏ္ဍအလိုက်ဆွေးနွေးမှုများတွင် လုံခြုံရေးကဏ္ဍ၌ တစ်ခုတည်းသော တပ်မတော် ထားရှိရေးနှင့် ပတ်သက်ပြီး တပ်မတော်အစုအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့၊ နိုင်ငံရေးပါတီအစုအဖွဲ့တို့ နှင့် အငြင်းပွားမှုများ ဖြစ်ခဲ့ကြသေးသည်။

မေလ ၂၄ ရက်မှ စတင်ကျင်းပနေသည့် ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ကဏ္ဍအလိုက် ဆွေးနွေးပွဲများတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ ကဏ္ဍအလိုက် တတ်သိပညာရှင်များ၊ ဖိတ်ကြားထားသည့် ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။ ကဏ္ဍ တစ်ခုလျှင် တက်ရောက်ဆွေးနွေးသူ ၁၅၀ ဦးတက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags