ချယ်လ်ဆီး တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဟာဇက်ရရှိ

ချယ်လ်ဆီး တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဟာဇက်ရရှိ

မေ ၂၉၊ လန်ဒန်။       ။ တနင်္ဂနွေညက လန်ဒန်တွင် ပြုလုပ်သော ချယ်လ်ဆီးအသင်းရာသီကုန် ဆုပေးပွဲတွင် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ကွင်းလယ်ကစားသမား အီဒင်ဟာဇက်က ရရှိသွားသည်။

အာဆင်နယ်နှင့်ပွဲတွင် တစ်ကိုယ်တော်အစွမ်းဖြင့် သွင်းယူခဲ့သည့် ဂိုးအတွက်လည်း အကောင်းဆုံး ဂိုးဆုရရှိခဲ့သည့် ဟာဇက်က အသင်းတွင် ဆက်နေသွားမည်ဟု ပြောဆိုခဲ့ပြီး ကစားသမားများက ရွေးချယ်သည့် အကောင်းဆုံးဆုကိုမူ ကန်တီက ရရှိသည်။

တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ပရိသတ်များက မဲပေးရွေးချယ်ခြင်းဖြစ်ပြီး ဟာဇက်က အက်ဇ်ပီလီကွယ်တာ၊ ဒေးဗစ်လုဇ်နှင့် ကန်တီတို့ထက် မဲပိုများခဲ့သည်။

အသင်းမှထွက်ခွာတော့မည့် အသင်းခေါင်းဆောင် ဂျွန်တယ်ရီသည်လည်း အထူးဂုဏ်ပြုဆုရရှိခဲ့ပြီး ကစားသမားဘဝမှအနားယူ ဖွယ်ရှိသည်ဟု ဆုပေးပွဲစင်ပေါ်တွင် ဝန်ခံပြောဆိုခဲ့သည်။

တယ်ရီက “ချယ်လ်ဆီးက ကျွန်တော့်ဘဝဖြစ်ပြီး ၂၂ နှစ်ကြာခဲ့တာက ဘယ်တော့မှပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ ပရိသတ်တွေက ကျွန်တော့်အတွက် အမြဲအဓိပ္ပါယ်ရှိခဲ့တယ်။ အမှတ်တရတွေက ကျွန်တော်နဲ့အတူ ထာဝရရှင်သန်နေမှာပါ။

ခင်ဗျားတို့ မရှိဘဲ ကျွန်တော်ဒီမှာ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ နှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ အနာဂါတ်မှာ ဒီကိုပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော့်အတွက်ဆို အမြဲတမ်းတံခါးဖွင့်ထားတယ်လို့ အသင်းကလည်း ပြောထားပြီးသားပါ။

ဆက်ကစားဖြစ်မလား၊ အနားယူဖြစ်မလားဆိုတာကို ကျွန်တော်တစ်ပတ်လောက် အချိန်ယူပြီး ဆုံးဖြတ်ပါမယ်။ အခုအချိန်မှာတော့ တခြားကလပ်မှာ ကစားဖို့ကို စဉ်းစားရ ခက်နေသေးတယ်။ ဒါပေမဲ့လည်း ဒီအသင်းကနေထွက်ဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းရင်းကလည်းရှိနေတော့ ဘာဆက်ဖြစ်လာမလဲဆိုတာကိုပဲ စောင့်ကြည့်ကြတာပေါ့”ဟု ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required