အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်သူတွေပါ

အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်သူတွေပါ
 ငြိမ်းချမ်းရေး ညီလာခံ တက်ရောက်လာတဲ့ တပ်မတော်မှ အမျိုးသမီးအရာရှိများ (ဓာတ်ပုံ - ခင်စန္ဒာမြင့်)
 

အရောင်အသွေးစုံ ဆင်မြန်းထားကြသူ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ မတူညီတဲ့လေသံနဲ့ ဆက်သွယ် ပြောဆိုနေသံတွေဟာ နေပြည်တော်က ဆွေးနွေးပွဲကြီးတစ်ခု ပြုလုပ်ရာဝန်းကျင်မှာ ပျံ့လွှင့်နေပါတယ်။ ဒါကတော့ မေလကုန်ပိုင်းမှာ ကျင်းပါတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးမှာ ဖြစ်ပါတယ်။

ပျားပန်းခပ် လှုပ်ရှားနေတဲ့ ညီလာခံကိုယ်စားလှယ်တွေ၊ လေ့လာသူတွေကြားထဲမှာ အမျိုးသမီးတချို့ကိုလည်း တွေ့ရပါတယ်။

အစုအဖွဲ့အလိုက်၊ကဏ္ဍအလိုက် ဆွေးနွေးပွဲတွေက ထွက်လာတဲ့ သဘောထားတွေကို စုစည်းပြီး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးအဖွဲ့ကို တင်ပြ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

အမှတ်တရဓာတ်ပုံ ရိုက်ကူးနေတဲ့  UPDJC မှ ဒေါ်စောမြရာဇာလင်းနဲ့ ညီလာခံတက်ရောက်လာသူတချို့ (ဓာတ်ပုံ - ခင်စန္ဒာမြင့်)

မငြိမ်းချမ်းသေးတဲ့ ဒေသမှာနေထိုင်သူတွေရဲ့ ခံစားချက်၊ဒုက္ခတွေကိုဖော်ထုတ်ပြောဆိုပေးနိုင်ရေးအတွက် အမျိုးသမီးအများအပြားပါဝင်လာဖို့ကအရေးကြီးတယ်လို့  UPDJCရဲ့အဖွဲ့ဝင် တစ်ဦးဖြစ်သူဒေါက်တာအေးမောင်ကဆိုပါတယ်။

“ပဋိပက္ခဖြစ်တဲ့ နေရာတွေမှာအမျိုးသမီးတွေနဲ့ ကလေးတွေကအများဆုံးခံရတာဆိုတော့ UPDJC တိုင်းမှာအမျိုးသမီးတွေကိုပါဝင်ခွင့်များများပေးဖို့ တောင်းဆိုပါတယ်” လို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဆိုပါတယ်။

UPDJC အတွင်းရေးမှူးအဖွဲ့ ကဏ္ဍ ၅ ခုရဲ့ အဖွဲ့ဝင် ၇၅ ယောက်မှာပါဝင်တဲ့ အမျိုးသမီးအရေအတွက်က လက်နှစ်ဖက် မပြည့်ပါဘူး။

ဆုံးဖြတ်ချက်ချတဲ့အပိုင်းမှာ အမျိုးသမီးတွေ  ပါဝင်ဖို့ လိုတယ်ဆိုတာကို တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေသာမက အစိုးရကလည်း လက်ခံပါတယ်။ အမျိုးသမီးအရေးအတွက် နိုင်ငံတကာ စာချုပ်တွေမှာလည်း မြန်မာပြည်ကလက်မှတ်ထိုးထားပြီးသားပါ။ သို့သော်လည်းတိုင်းရင်းသားအဖွဲ့တွေ၊ လက်နက်ကိုင်အဖွဲ့တွေ အားလုံးတက်ရောက်ဆွေးနွေးရေးကို ဦးစားပေးနေရတဲ့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးများ ပါဝင်လာရေးကို စီစဉ်နိုင်ခြင်း မရှိသေးတာ တွေ့ရပါတယ်။

ဒီအခြေအနေမှာပဲ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ ဆုံးဖြတ်ချက်ချတဲ့အပိုင်းမှာ အမျိုးသမီးတွေ ဝင်ရောက်နိုင်ရေးအတွက် အများအပြားက ပြောဆိုတိုက်တွန်း နေကြပါတယ်။

နိုင်ငံတကာစံနှုန်း

အမျိုးသမီးများအပေါ် ခွဲခြားမှုအားလုံး ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံက ၁၉၉၇ခုနှစ်မှာ လက်မှတ်ထိုးထားခဲ့ပြီး၊ အမျိုးသမီးတွေ နိုင်ငံရေးနဲ့ လူမှုရေးနယ်ပယ်တွေမှာ ၃ဝရာခိုင်နှုန်း ပါဝင်ဖို့ကို ဘေဂျင်းမဟာဗျူဟာစီမံကိန်းမှာ သဘောတူ လက်မှတ်ထိုးထားပါတယ်။

ဒါပေမယ့် ငြိမ်းချမ်းရေးညီလာခံရဲ့ အဓိကလမ်းကြောင်းတစ်ခုဖြစ်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) အခန်း (၅)၊အပိုဒ် (၂၃) မှာ ‘နိုင်ငံရေးဆွေးနွေးပွဲတွေမှာသင့်လျော်တဲ့ အမျိုးသမီးကိုယ်စားလှယ်ဦးရေပါဝင်နိုင်ရန်’ ဆိုပြီးသာ မရေမရာဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေးအတွက် ကျားမတန်းတူရေးမဟာမိတ်အဖွဲ့ရဲ့ လေ့လာမှု စာတမ်းတစ်ခုမှာ ဖော်ပြထားတာကတော့ ၂ဝ၁၅ခုနှစ် ရွေးကောက်ပွဲမှာ ရွေးကောက်ခံရတဲ့ အမျိုးသမီးအမတ်ဦးရေဟာ အရင်ကထက် စာရင် ပိုများလာတယ် ဆိုတာပါပဲ။ ဒါပေမယ့် ပြည်ထောင်စုလွှတ်တော်ရဲ့ အမျိုးသမီးအမတ် ဦးရေ ၁၃ရာခိုင်နှုန်းကို ဒေသတွင်းအာဆီယံနိုင်ငံတွေရဲ့ ပျမ်းမျှ ၁၈ဒသမ ၃ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနယ်ပယ်မှာ အမျိုးသမီးပါဝင်မှုက အနည်းဆုံးလို့ ဆိုပါတယ်။

အာဏာရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း အမည်တင်သွင်းရာမှာ အမျိုးသမီးနဲ့ လူငယ် ဦးစားပေးဖို့ မူဝါဒချမှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ကြားဖြတ် ရွေးကောက်ပွဲမှာတော့ ဒီမူဝါဒကို မတွေ့ရတော့ပါဘူး။

၂၁ရာစု ပင်လုံညီလာခံရဲ့ အစပိုင်းမှာတော့ ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၁၃ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ပါတယ်။ ၈လကျော်အကြာ ညီလာခံ ပြန်လည် စတင်ရာမှာ ဖိတ်ကြားခဲ့တဲ့ အမျိုးသမီးဦးရေ၊ တက်ရောက်လာတဲ့ အမျိုးသမီးဦးရေတို့နဲ့ ပတ်သက်ပြီး အစိုးရသတင်းစာရှင်းလင်းပွဲတွေက အတိအကျ ဖြေဆိုခြင်း မရှိသေးပါဘူး။

တပ်မတော်သား ကိုယ်စားလှယ်တွေထဲမှာ အမျိုးသမီးအရာရှိ တော်တော်များများ ပါဝင်လာတာကို တွေ့ရပါတယ်။ ပြီးခဲ့တ ဲ့ရက်ပိုင်းအတွင်း ပြည်ထောင်စုလွှတ်တော်ကို တပ်မတော်ဘက်က ကိုယ်စားလှယ်တချို့ အစားထိုးခန့်အပ်ရာမှာလည်း အမျိုးသမီး ၄ ယောက် ပါဝင်လာတာ တွေ့ရမှာပါ။

အမျိုးသမီးကိုယ်စားလှယ်တွေရဲ့ ဆုံးဖြတ်ချက် ချနိုင်ခွင့်အပိုင်းမှာ မေးခွန်းထုတ်စရာ ရှိနေပေမယ့် ဒီလိုပါဝင်လာနိုင်မှုကတော့ ထုံးတမ်းစဉ်လာ အမျိုးသားကြီးစိုးတဲ့ တပ်မတော်ရဲ့ အပြူသဘောဆောင်တဲ့   ပြောင်းလဲမှုတစ်ခုဖြစ်တယ်လို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက ယူဆနေကြပါတယ်။

အစိုးရရဲ့ ကြိုးပမ်းချက်

ငြိမ်းချမ်းရေးညီလာခံ ကိုယ်စားလှယ်တွေထဲမှာမှ လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့မှာ ပါဝင်ဆွေးနွေးနေတဲ့ ဒေါ်သက်သက်ခိုင်ကတော့ အမျိုးသမီးပါဝင်မှုနဲ့ ပတ်သက်ပြီး တိုးတက်တဲ့ အနေအထားရှိတယ်လို့ ဆိုပါတယ်။

“လွှတ်တော်အစုအဖွဲ့မှာအမျိုးသမီးတွေ ပါဝင်လာမှုများလာပါတယ်။ အခုလိုဆွေးနွေးဖို့ ဖိတ်ခေါ်တယ် ဆိုတာကိုကဆုံးဖြတ်ချက်ချတဲ့ ဖြစ်စဉ်ထဲမှာ အမျိုးသမီးတွေကို ပါဝင်စေတာပဲလေ” လို့ သုံးသပ်ပါတယ်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း အစိုးရက အမျိုးသမီးများ ပါဝင်ရေးကို လျစ်လျူရှု မထားပါဘူးလို့ ဆိုပါတယ်။

 “အမျိုးသမီးတွေကို ၃ဝ ရာခိုင်နှုန်းအထိ ပါဝင်ဖို့ ကျွန်တော်တို့ လုပ်ဆောင်ပါတယ်၊ ဒါပေမယ့် တကယ်တမ်း လက်တွေ့မှာတော့ အမျိုးသမီးတွေရဲ့ အနေအထားအရ ပါဝင်လာဖို့ မလွယ်ဘူးဖြစ်နေပါတယ်၊ နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီအောင်တော့ ကျွန်တော်တို့ ဆက်ကြိုးစားရပါဦးမယ် ” လို့ ဦးဇော်ဌေးက ပြောပါတယ်။

အမျိုးသမီးတွေ ညီလာခံထဲ ရောက်လာဖို့အတွက် ဝိုင်းဝန်းဆောင်ရွက်ကြရမယ်လို့ မှတ်ချက်ပြုသူကတော့ ညီလာခံတက်ရောက်လာတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်က ဦးခွန်သောမတ်စ် ပါပဲ။

“တချို့စွမ်းရည်မြင့်တဲ့ အမျိုးသမီးတွေရှိတယ်။ သူတို့တွေကိုလည်း ဒီလိုနိုင်ငံရေးအခင်းအကျင်းတွေထဲမှာ ပါဝင်လာအောင် ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ခေါ်ဖို့ လိုအပ်တယ်။ ဒီလိုအမျိုးသမီးတွေများများ ပါဝင်လာရင် ဆွေးနွေးပွဲတွေမှာ ပဋိပက္ခဖြစ်စေတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့အခါမှာ ပိုပြီးထိရောက်စွာ ဆွေးနွေးနိုင်ကြမယ်။ ညှိနှိုင်းမူတွေ လုပ်နိုင်မယ်။ ပိုပြီး အကျိုးရှိမယ်”လို့ ပြောပါတယ်။

မြန်မာအမျိုးသမီးအများစုဟာ နိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာကိစ္စရပ်တွေမှာ ကျွမ်းကျင်မှုမရှိဘူးလို့ သတ်မှတ်ထားတာတွေ၊  ပညာရေးလိုအပ်ချက်တွေကြောင့်လည်း အမျိုးသမီးတို့ရဲ့ အခန်းကဏ္ဍကို   မှေးမှိန်စေကြောင်း လေ့လာသူတွေက ဆိုပါတယ်။

ဆုံးဖြတ်ချက်ချတဲ့ နေရာတွေအထိ အမျိုးသမီးတွေ အများအပြား ပါဝင်နိုင်ဖို့ဆိုရာမှာ သူတို့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရေးကို အထူးအားစိုက်ပြီး လုပ်ပေးဖို့လိုအပ်နေပြီဆိုတဲ့အချက်ကိုတော့ အငြင်းမပွားကြပါဘူး။

ဦးခွန်သောမတ်စ်ကတော့ ငြိမ်းချမ်းတဲ့နေရာဒေသတွေကအမျိုးသမီးတွေတောင် နိုင်ငံရေးနယ်ပယ်မှာသူတို့ရဲ့ စွမ်းဆောင်ရည်မြင့်မားအောင်ပြုလုပ်နိုင်ဖို့ အခွင့်အရေးရရှိမှုနည်းပါနေတဲ့အတွက် စစ်ပွဲဖြစ်ပွားရာဒေသနဲ့၊ ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ နေရာတွေကအမျိုးသမီးတွေဆိုရင်တော့ပိုပြီးဝါယမစိုက်ရမယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ဒေသမှာဆိုရင် အမျိုးသမီးတွေကိုစွမ်းရည်မြှင့်တင်ပေးနိုင်ဖို့နည်းနေသေးတယ်။ စာပေးသင်ကြားမှုအပိုင်းမှာရော၊ ကျန်းမာရေးအပိုင်းမှာရောအမျိုးသမီးတွေအတွက် အခွင့်အလမ်းနည်းသေးတယ်၊ ဒါကြောင့် ကျွန်တော်တို့ဘက်ကအမျိုးသမီးတွေမှာအများကြီးနောက်ကျကျန်နေတယ်၊ ဒီ ၂၁ပင်လုံကိုပါလာနိုင်ဖို့တောင် ကျွန်တော်တို့ အများကြီးကြိုးစားစည်းရုံးရတယ်” လို့ ခွန်သောမတ်စ်ကပြောပါတယ်။

အစဉ်အလာကို ဖောက်ထွက်ခြင်း

ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ဒေသတွေမှာအောက်ခြေအဆင့်အထိလေ့လာဆောင်ရွက်နေကြတဲ့ အရပ်ဖက်အဖွဲ့အစည်းများထဲကအမျိုးသမီးတွေရဲ့ အသံကတိုးနေသေးတယ်လို့ ပြောဆိုသူတွေ ရှိပါတယ်။ သူတို့တွေထဲကတစ်ဦးကတော့ ငြိမ်းချမ်းရေးအတွက် ကျားမတန်းတူရေး မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌမိကွန်ချမ်းနွန် ပါပဲ။

“အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို ထုတ်ဖော်ပေးနိုင်ဖို့ အခြားအမျိုးသမီးတွေကိုလည်း ဆုံးဖြတ်ချက်ချနိုင်တဲ့ နယ်ပယ်တွေမှာ ပါဝင်ဖို့ အခွင့်အရေးပေးဖို့ လိုအပ်ပါတယ်” လို့ ညီလာခံကို လေ့လာသူအနေနဲ့ တက်ရောက်နေတဲ့ မိကွန်ချမ်းနွန်က ပြောပါတယ်။ 

တစ်ဖက်မှာလည်း အမျိုးသမီးတွေ အရည်အချင်းရှိလို့ ပါဝင်လာနိုင်တယ်ဆိုရင်တောင် ပါဝင်လာတဲ့ အမျိုးသမီးတွေကို ပံ့ပိုးကူညီမှုတွေ အပြည့်အဝပေးထားနိုင်ဖို့လည်း လိုအပ်နေသေးကြောင်း မိကွန်းချမ်းနွန်က ပြောပါတယ်။

ရင်သွေးငယ်ရှိတဲ့ မိခင်တွေအတွက်လည်း ဒီလိုအခင်းအကျင်းမျိုးမှာ ပါဝင်လာနိုင်ဖို့အတွက် ပံ့ပိုးပြင်ဆင်ပေးသင့်တယ်လို့ သူက မှတ်ချက်ပေးပါတယ်။ 

“နို့တိုက်မိခင်နဲ့ ကလေးအတွက် ပြင်ဆင်ပေးထားတာကို မတွေ့ဘူး။ နည်းပညာပံ့ပိုးမှုအပိုင်းက အမျိုးသမီးတစ်ယောက်ဆိုရင် ၆လသမီးလေးတစ်ယောက်ပါလာတယ်၊ အဲ့ဒီအလုပ်ခန်းထဲမှာပဲ ကလေးကို ထားရတာ တွေ့ရတယ်” လို့  မိကွန်ချမ်းနွန်က ပြောပြပါတယ်။

အခက်အခဲရှိနေပေမယ့် အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း မိမိတို့ရဲ့ လုပ်နိုင်စွမ်းကို မြှင့်တင်ဖို့၊ အစဉ်အလာတွေထဲကနေ ဖောက်ထွက်ပြီး ယုံကြည်မှုရှိရှိ ရဲရဲဝံ့ဝံ့ ပြောဆိုလုပ်ကိုင်ကြဖို့ ဒေါက်တာအေးမောင်က တိုက်တွန်းပါတယ်။

“အမျိုးသမီးတွေကလည်း နိုင်ငံရေး၊ စီးပွားရေးကဏ္ဍတွေမှာ ပါလာနိုင်ဖို့၊ ပြင်ဆင်မှုတွေ လုပ်ဖို့ လိုအပ်တယ်လို့”  ဒေါက်တာအေးမောင်က ဆိုပါတယ်။

ဒီလို ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးထဲက အမျိုးသမီးတွေ ပါဝင်လာမှုအပိုင်းမှာ အခက်အခဲတွေနဲ့ အဆင်မပြေမှုတွေ ရှိနေသေးတယ်ဆိုပေမယ့်လည်း ဆွေးနွေးပြောဆိုခွင့်ရတဲ့နေရာတွေမှာတော့ အခွင့်အရေးရသလောက် အမျိုးသမီးတွေဟာ အစွမ်းကုန် အင်တိုက်အားတိုက် ဆွေးနွေးနေကြတာ တွေ့ရပါတယ်။

 ငြိမ်းချမ်းရေးညီလာခံ တက်ရောက်လာတဲ့ 'ဝ' ဒေသမှ အမျိုးသမီးငယ်တစ်ဦး (ဓာတ်ပုံ - ခင်စန္ဒာမြင့်)

ညီလာခံတက်ရောက်တဲ့  ဗိုလ်ကြီးဒေါ်ဟေမန်ဖြိုးဝင်းက“အမျိုးသမီးတွေရဲ့ လုံခြုံရေးအတွက် ငြိမ်းချမ်းရေးက အရေးကြီးတယ်၊ ငြိမ်းချမ်းရေးကို အရမ်းလိုချင်ပါတယ်” လို့ ဆိုပါတယ်။ အမျိုးသမီးအရာရှိရဲ့ မှတ်ချက်က ‘ဝ’ ဒီမိုကရက်တစ် အထောက်အကူပြုအဖွဲ့က အမျိုးသမီးငယ်လေးတစ်ဦးရဲ့ ဖွင့်ဟချက်နဲ့ တူညီနေတာ တွေ့ရပါတယ်။

UPDJC မှ ဒေါ်စောမြရာဇာလင်းက သူကိုယ်တိုင် အမျိုးသမီးတွေ ပါဝင်လာဖို့ တစိုက်မတ်မတ် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုကိန်းဂဏန်း ပိုမိုများပြားလာဖို့အတွက် အမျိုးသမီးတွေကို အခွင့်အရေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

“ပါတီအသီးသီးနဲ့ အစိုးရဌာနကလည်း အမျိုးသမီးတွေ ပါဝင်လာဖို့ လမ်းဖွင့်ပေးရမယ်၊ အမျိုးသမီးတွေကလည်း ငါ့ကိုအခွင့်ပေးလာလိမ့်မယ်လို့ ထိုင်စောင့်မနေဘဲ အဆင်သင့်ဖြစ်နေအောင် ကြိုးစားသင့်တယ်” လို့ ပြောလိုက်ပါတယ်။    ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly