မြောက်ကိုရီးယားနိုင်ငံမှ တာဝေးပစ်ဒုံးကျည်စမ်းသပ်မှုကို ထပ်မံပြုလုပ်

မြောက်ကိုရီးယားနိုင်ငံမှ တာဝေးပစ်ဒုံးကျည်စမ်းသပ်မှုကို ထပ်မံပြုလုပ်

ဆိုးလ် မေ ၂၉ ။               ။ မြောက်ကိုရီးယားနိုင်ငံသည် တနင်္လာနေ့တွင် တာဝေးပစ်ဒုံးကျည်စမ်းသပ်မှုကို နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်း တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ ဒုံးကျည်သည် ၆မိနစ်ခန့် ပျံသန်းခဲ့ပြီးနောက်တွင် ဂျပန်ပင်လယ်ထဲသို့ ထိုးကျသွားခဲ့ ကြောင်း တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်အစိုးရတို့က ထုတ်ပြန်ခဲ့ကြသည်။

မြောက်ကိုရီးယားတို့သည် နိုင်ငံအရှေ့တောင်ဘက်ရှိ ဝန်ဆန်မြို့မှ ဒေသစံတော်ချိန် မနက် ၅:၃၉ နာရီခန့်တွင် ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲ အရာရှိအကြီးအကဲဖြစ်သူ တစ်ဦးက ပြောခဲ့ပြီး ဒုံးကျည်သည် စကာ့ဒ်အမျိုးအစားဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်အခြေစိုက် ပစိဖိတ်ရေတပ်ဌာနချုပ်ကလည်း ဝန်ဆန်လေယာဉ်ကွင်းအနီး၌ မြောက်ကိုရီးယားတို့မှ ဒုံးကျည်စမ်းသပ်မှု ပြုလုပ်ခဲ့ကြောင်းကို ၎င်းတို့ သတိပြုမိခဲ့ကြောင်း ပြောခဲ့သည်။

“ဂျပန်ပင်လယ်ထဲကို ဒုံးကျည်ထိုးမကျသွားခင်အထိ ၎င်းသွားရာလမ်းကြောင်းအတိုင်း ၆ မိနစ်လောက် လိုက် ကြည့်ခဲ့ပါတယ်” ဟု ပစိတ်ဖိတ်ရေတပ်ဌာနချုပ်မှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါဒုံးကျည်သည် အရှေ့ဘက်သို့ ဦးတည်လျက် ကီလိုမီတာ ၄၅၀ခန့် ပျံသန်းခဲ့ပြီး အမြင့်ကီလိုမီတာ ၅၆၀ ခန့်အထိရောက်ရှိခဲ့ကာ ဂျပန်ကုန်သွယ်ရေး ရေပိုင်နက်ထဲသို့ ထိုးကျသွားခဲ့ကြောင်း တိုကျိုအစိုးရ၏ အဆိုအရ သိရသည်။

တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်သည် ပြုံယမ်းအစိုးရ၏ ဒုံးကျည်စမ်းသပ်မှုနှင့် ပတ်သက်၍ အမျိုးသား လုံခြုံရေးကောင်စီ အစည်းအဝေးကို မနက် ၇:၃၀နာရီတွင်   ပြုလုပ်ခဲ့ကြောင်း   တောင်ကိုရီးယားသတင်းဌာန ယွန်ဟပ်က သတင်းတင်ပြခဲ့သည်။

ယခုဖြစ်ရပ်နှင့်ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက “ နိုင်ငံတကာအသိုင်းအဝိုင်းက ထပ်ခါတလဲလဲ တားမြစ်နေတဲ့ကြားက ထပ်မံပြုလုပ်နေတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့  ကျနော်တို့ လုံးဝသည်းခံသွားမှာ မဟုတ်ပါဘူး” ဟု ပြောခဲ့သည်။

မြောက်ကိုရီးယား လေကြောင်းကာကွယ်ရေးဌာနချုပ် (NORAD) က ၎င်းတို့နိုင်ငံ၏ ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုသည် မြောက်အမေရိကတိုက်ကို ခြိမ်းခြောက်သွားဖို့ မဟုတ်ကြောင်း   ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယခုအကြိမ်နှင့်ဆိုလျှင် မြောက်ကိုရီးယားတို့၏ ဒုံးကျည်စမ်းသပ်မှုသည် ယခုလအတွင်း ကိုးကြိမ်ခန့်ရှိလာပြီ ဖြစ်ပြီး မွန်းဂျေးအင်သမ္မတလက်ထက်အတွင်း သုံးကြိမ်မြောက် စမ်းသပ်မှုတစ်ခုဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required