ဧရာဝတီတိုင်းတွင် ၂၀၀၄ခုနှစ်နှင့် ၂၀၁၂ခုနှစ်ကဲ့သို့ ရေကြီးနိုင်ခြေရှိဟု ဒေါက်တာထွန်းလွင် သတိပေး

ဧရာဝတီတိုင်းတွင် ၂၀၀၄ခုနှစ်နှင့် ၂၀၁၂ခုနှစ်ကဲ့သို့ ရေကြီးနိုင်ခြေရှိဟု ဒေါက်တာထွန်းလွင် သတိပေး
ကန်ကြီးတောင့်မြို့ အမှတ် ၁ရပ်ကွက်တွင် ရေကြီးမှုမြင်ကွင်း။ (ဓာတ်ပုံ-စည်သူမောင်မောင်၊မဇ္ဈိမ)

နေပြည်တော် (မဇ္ဈိမ) ။ ။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ၂၀၀၄ခုနှစ်နှင့် ၂၀၁၂ခုနှစ်ကဲ့သို့ စံချိန်တင်ရေကြီးမှုမျိုး ဖြစ်လာနိုင်သည့် အနေအထားရှိသည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးလိုက်သည်။

"၂၀၀၄တုန်းကလည်း ရှိသမျှမြစ်တွေအကုန်လုံးစိုးရိမ်ရေမှတ်ရောက်တယ်။ အခုလည်းအဲ့အတိုင်းပဲဆိုတော့ ဖြစ်လာစရာ အလားအလာရှိတယ်။ ပြီးတော့ အထက်ကရှိသမျှရေတွေ အကုန်လုံးကလည်း အောက်ကျနေတယ်လေ။ အဲ့ဒါကို သတိထားဖို့လိုပါတယ်။ လောလောဆယ်တော့ ဒေသခံတွေကိုအဲ့ဒါပြောပေးပါ" ဟုဩဂုတ် ၂ရက် ညနေပိုင်းတွင် ဒေါက်တာထွန်းလွင်က မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် မြန်မာပြည်အထက်ပိုင်းဒေသများဖြစ်သည့် စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ် အစရှိသည့် ဒေသများတွင် ရေကြီးမှုများ ကြုံတွေ့နေရခြင်းဖြစ်ပြီးအဆိုပါ ရေများမှာ မြန်မာပြည်အောက်ပိုင်းဒေသဖြစ်သည့် မြစ်ဝကျွန်းပေါ်ဒေသသို့ ဝင်ရောက်လာမည်မှာ ထုံးစံဖြစ်သည်ဟု ဒေါက်တာထွန်းလွင်ကဆိုသည်။

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်တွင် မြစ်ရေမြင့်တက်မှုမှာ ယခုသုံးရက်အတွင်းသိသိသာသာ မြင့်တက်လာသည်ဟု ဒေသခံများကပြောသည်။

"ဒီနှစ်ရက်၊ သုံးရက်မှာ ရေကတော်တော်ကို သိသိသာသာတက်လာတာ။ အခုဆိုရင် နေ့ခင်းတုန်းက ရေချိုးတဲ့အချိန် နဲ့ အခုထမင်းချက်တဲ့ အချိန်နဲ့တောင် မတူတော့ဘူး" ကန်ကြီးထောင့်မြို့နယ်၊ ပျဉ်းမငူကျေးရွာအုပ်စုမှ ဒေသခံ အမျိုးသမီးတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြစ်ရေတိုးခြင်းကြောင့် ဟင်္သာတမြို့၊ မြောင်းမြမြို့၊ ကန်ကြီးထောင့်မြို့နှင့် ညောင်တုန်း မြို့များတွင် ရေဝင်ရောက်လာမှုများရှိလာသည်။

ဟင်္သာတမြို့တွင် ရေကာတာအပြင်ရှိ ကျေးရွာ ၂၀တွင် ရေများဝင်ရောက်နေပြီး၊ ကျေးရွာအုပ်စု ၄စုမှ အိမ်ခြေ၁၃၆လုံးအားနေရာရွှေပြောင်းထားပြီးဖြစ်ကြောင်း ရွာတိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် တိုင်းအစိုးရက ညွှန်ကြားထားပြီး ဖြစ်သည်ဟု ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ သိရှိရသည်။

ကန်ကြီးထောင့်မြို့၊အမှတ်(၁)အုပ်ချုပ်ရေးမှူးဦးလှခိုင်ကလည်း "မြို့တာပြင်က အိမ်တွေရေဝင်လာလို့ ဆင့်ထိုးနေရတယ် အခုဆက်တက်လာနိုင်တယ်၊ ရေဆက်တက်လာရင် အိမ်ခြေ၂၀၀လောက် နစ်နိုင်တယ်"ဟု မဇ္ဈိမသို့ပြောသည်။

ညောင်တုန်းမြို့တွင်လည်း ရေကြီးနိုင်ဖွယ် သတိပေးချက်များကို ဌာနဆိုင်ရာများက သတိပေးထားပြီး ပစ္စည်းများသိမ်းကာ အသင့်အနေအထား နေရကြောင်း ညောင်တုန်း ဒေသခံ ကိုဇော်ဝင်းက မဇ္ဈိမကို ပြောသည်။

"ပစ္စည်းသိမ်းတာတွေလုပ်နေတယ်၊ အခု ဒုက္ခသည်စခန်းကို ဈေးဓမ္မာရုံမှာ တာအပြင်လူတွေ နေရာချထားပေးတယ် ၊မြို့စိုးရိမ်းရေအမှတ်ရောက်ဖို့ သိပ်မလိုတော့ဘူး"ဟု ၎င်းက ပြောသည်။

ညောင်တုန်းမြို့၏ စိုးရိမ်ရေအမှတ်သည် ၂၄ပေဖြစ်ပြီး၊ သြဂုတ် ၂ရက် နေ့လည်ပိုင်းအချိန် ဆည်မြောင်းဦးဌာန၏ တိုင်းထွာချက်အရ ၂၁.၅ပေရှိသည်။ ဟင်္သာတ မြို့၏ စိုးရိမ်ရေအမှတ်မှာ ၄၄ပေတွင် လက်ရှိ ရေအမှတ် ၄၇ပေကျော်ဖြစ်နေသည်။

ကန်ကြီးထောင့်မြို့နယ်အပါအဝင်ဖြစ်သည့် မြို့နယ်ပေါင်း ၂၆မြို့နယ်ရှိသောဧရာဝတီတိုင်းမှာ ၂၀၁၂ခုနှစ်နှင့် ၂၀၀၄ခုနှစ်တို့တွင် ရေကြီးမှုများကြောင့် စပါးစိုက်ဧကပေါင်းသိန်းဂဏန်းထိသေကြေပျက်စီးခဲ့ရသလိုရထားလမ်း၊ အချို့လည်းရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ဖူးသည်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်းရှိ မြန်အောင်မြို့နယ်နှင့် ကြံခင်းမြို့နယ်တို့တွင် ဧရာဝတီမြစ်ရေမြစ်တက်မှုကြေင့် စပါးစိုက်ဧကသုံးသောင်းခန့် ရေနစ်မြုပ်နေသလိုမြေအနိမ့်ပိုင်းကျသည့် ကျွဲ၊ နွားများကိုလည်းဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရသည်ဟု မြန်အောင်မြို့နယ်မှ ဒေသခံလယ်သမားကြီးဦးဝင်းဌေးကဒေသအခြေအနေကိုရှင်းပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required