ကန္တာရဝတီတိုင်း(မ်) ဂျာနယ် သတင်းထောက်ကို ကားဖြင့် အတင်းအဓမ္မ ခေါ်ဆောင်သူ ၂ဦးအား ဒီမော့ဆိုမြို့မရဲစခန်းတွင် ထိန်းသိမ်းထား

ကန္တာရဝတီတိုင်း(မ်) ဂျာနယ် သတင်းထောက်ကို ကားဖြင့် အတင်းအဓမ္မ ခေါ်ဆောင်သူ ၂ဦးအား ဒီမော့ဆိုမြို့မရဲစခန်းတွင် ထိန်းသိမ်းထား

ရန်ကုန်၊ မေ ၂၈ ။            ။ ကယားပြည်နယ်၊ လွိုင်ကော်အခြေစိုက် တိုင်းရင်းသတင်းဌာနတစ်ခုဖြစ်သည့် ကန္တာရဝတီတိုင်း(မ်) ဂျာနယ် သတင်းထောက်တစ်ဦးကို ကားဖြင့် အတင်းအဓမ္မ ခေါ်ဆောင်သွားသည့် အမျိုးသား ၂ ဦးအား ဒီမော့ဆိုမြို့မစခန်းတွင် ထိန်းသိမ်းထားကြောင်း အဆိုပါဂျာနယ် မှတာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့အတည်ပြုပြောသည်။

“သူတို့ကတော့ ဒီမော့ဆို ရဲစခန်းအချုပ်ထဲမှာပဲရှိနေတယ်" ဟု ၎င်းကဆိုသည်။

ကန္တာရဝတီတိုင်း(မ်) ဂျာနယ် သတင်းထောက်တစ်ဦးဖြစ်သည့် မဦးမြာကို ဦးကောင်းစံဆိုသူက အတင်းအဓမ္မခြိမ်းခြောက်ပြောဆိုကာ လက်ဆွဲ၍ ကားပေါ်သို့အတင်းတွန်းတင်ပြီး ဦးစိန်ဝင်းဆိုသူက မောင်းနှင်ထွက်သွားခြင်းဖြစ်ကြောင်း ကာယကံရှင် ဖြစ်သူကပြောကြောင်း ရဲစစ်ချက်ကို ကိုးကားပြီး ၎င်းက ပြောသည်။

အဆိုပါကားမှာ ကယားပြည်နယ် ဒီမော့ဆိုသို့သွားသည့်လမ်းတွင် အရှိန်လွန် လမ်းဘေးသို့ထိုးကျခဲ့သောကြောင့် မဦးမြာမှာ သတိလစ်သွားသောကြောင့် မေ ၂၇ ရက်တွင် ဒီမော့ဆိုဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

၎င်းကို ဒီမော့ဆိုဆေးရုံမှ တစ်ဆင့် လွိုင်ကော်ဆေးရုံသို့ ညတွင်းချင်းပြောင်းရွှေ့ခဲ့ရသည်ဟု ကန္တာရဝတီတိုင်း(မ်) ဂျာနယ် တာဝန်ရှိသူကပြောသည်။

“သူက စကားမပြောဘူးပေါ့ခုထိ သတိရပြီဆိုပေမယ့် မျက်လုံးကကြောင်နေတယ်။ အောက်စီဂျင်ပြတ်လို့မရဘူး စောင့်ကြည့်နေရတဲ့အခြေအနေမှာ ရှိနေတာပေါ့ “ ဟု ၎င်းက ပြောဆိုသည်။

မဦးမြာ၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်ပြီး ဆရာဝန်များက ရဲများကိုသာ အသိပေးခဲ့ပြီး ယခုအချိန်ထိ မိသားစုဝင်ကို အခြေအနေတစ်စုံတစ်ရာမပြောသေးကြောင်း သူကဆက်ပြောသည်။

“မနေ့ကဆိုရင်သူ့ကို အဓမ္မပြုကျင့်ခံရတာတွေဘာတွေ ရှိလား၊ မရှိလားဆိုတာတွေ စစ်ဆေးတယ်။ အခု စစ်ဆေးပြီးပြီ ဒါပေမယ့်မပြောဘူးပေါ့ အမှုကိစ္စဆိုတော့ မပြောတတ်ဘူးပေါ့"ဟု အဆိုပါ တာဝန်ရှိသူကဆက်လက်ပြောဆိုသည်။

အဆိုပါကိစ္စနှင့်ပက်သက်ပြီး ဒီမော့ဆိုမြို့မရဲစခန်း၏ စခန်းမှူး နှင့် အခြားအရာရှိတစ်ဦးကို မဇ္ဈိမက အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း အလုပ်များနေသည်ဟုဆိုကာ ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

လက်ရှိတွင် အလိုမတူဘဲ အတင်းအဓမ္မခြိမ်းခြောက် ကားပေါ်ဆွဲတင် မောင်းနှင်ထွက်ပြေးသူ ဦးစိန်ဝင်းနှင့် ဦးကောင်းစံ နှစ်ဦးကို ရာဇသတ်ကြီး ပုဒ်မ ၃၆၆/၅၀၆ ဖြင့် အမှုဖွင့်လှစ်ကာ ဒီမော့ဆိုမြို့မ ရဲစခန်းတွင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကားနဲ့ တင်ခေါ်သွားသူ နှစ်ဦးမှတွင် တစ်ဦးမှာ ကယားပြည်နယ်လွှတ်တော်မှ ဖွဲ့စည်းထားသည့် ဘဏ္ဍာရေးကော်မီတီ တစ်ရပ်၏ ကော်မီတီဝင်တစ်ဦး ဖြစ်ကြောင်း ကန္တာရဝတီတိုင်း(မ်) သတင်းဌာနမှသိရသည်။

မဦးမြာမှာ ဆိုင်ကယ်ဖြင့်မောင်းနှင်လာစဉ် YGN 2D/3842 Toyota VitZ အမျိုးအစား ပန်းဆီရောင်ယာဉ်သည် နောက်မှလိုက်ပါလာပြီး ကျော်တတ်ကာပိတ်ရပ် သောကြောင့် ဆိုင်ကယ်မှာ မြေသားလမ်းပေါ်သို့ ရောက်သွားသည့်အချိန် အတင်းအဓမ္မခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required