အလွန်နီးကပ်နေသော ရင်းနှီးမြှုပ်နှံမှုများဖြင့် ရိုးမကုမ္ပဏီ ခြေလှမ်းသစ်တစ်ရပ်ကို စတင်

အလွန်နီးကပ်နေသော ရင်းနှီးမြှုပ်နှံမှုများဖြင့် ရိုးမကုမ္ပဏီ ခြေလှမ်းသစ်တစ်ရပ်ကို စတင်

မြန်မာနိုင်ငံ၏ ထင်ရှားသည့် စီးပွားရေးဖော်ဆောင်မှုကုမ္ပဏီဖြစ်သော ရိုးမမဟာဗျူဟာဦးပိုင်လီမိတက်-YSH သည် ဆက်လက်ဖွံ့ဖြိုးရန်လိုအပ်လျက်ရှိသော နိုင်ငံ၏ အခြေခံ အဆောက်အဦး တည်ဆောက်ရေး ကဏ္ဍနှင့် ပြည်တွင်းပြည်ပ ဆောက်လုပ်ရေးလုပ်ငန်းများ ပိုမိုစီးဝင်လာမည်ဟု ယုံကြည်ချက်ဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး အကြီးစားမော်တော်ယာဉ်နှင့် ပစ္စည်းကိရိယာများ ဖြန့်ချိရောင်းချခြင်းနယ်ပယ်သို့ ဝင်ရောက်ခဲ့သည်။

ရိုးမကုမ္ပဏီသည် သူ၏ စီးပွားဖက်အဖြစ် ဗြိတိန်အခြေစိုက် ကမ္ဘာ့အဆင့်မှီ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းထုတ် လုပ်သူ JCB နှင့် လက်တွဲမည်ဖြစ်ကာ နှစ်ဦးသား သဘောတူညီမှုအဖြစ် ရိုးမမဟာဗျူဟာဦးပိုင်လိမိတက်သည် JCB ၏ မြန်မာနိုင်ငံဆိုင်ရာ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် ရပ်တည်မည်ဖြစ်သည်။

လုပ်ငန်းကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ခဲ့ကာ Yoma JCB ဆောက်လုပ်ရေးလုပ်ငန်းသုံးစက်ပစ္စည်းများ ဖြန့်ချိခြင်းလုပ်ငန်းကို ရိုးမ၏ လက်အောက်ခံကုမ္ပဏီဖြစ်သော CPCL ကဦးဆောင်မည်ဟု သိရသည်။

အဆိုပါ Yoma JCB ဖြန့်ချီရေးလုပ်ငန်းသည် နိုင်ငံ၏ ဆောက်လုပ်ရေးဈေးကွက်အတွက် အချိန်အနည်းငယ်အတွင်း စိတ်လှုပ်ရှားမှုများ ဖြစ်လာလိမ့်မည်ဟု ရိုးမ မဟာဗျူဟာ ဦးပိုင်လီမိတက်-YSH ၏ ကုမ္ပဏီအုပ်စု အမှုဆောင်အရာရှိချုပ်ဖြစ်သူ Melvyn Pun က မဇ္ဈိမကို ပြောသည်။

“စိတ်လှုပ်ရှားဖို့ ကောင်းပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ New Holland လယ်ယာသုံးစက်ကိရိယာလုပ်ငန်းကဆိုလည်း အလျင်အမြန်တိုးတက်နေတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတာ မြင်ရမှာဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ မှန်ကန်တဲ့ နည်းလမ်းနဲ့ ကုန်ပစ္စည်းတွေကို မိတ်ဆက်ဖို့…ပြီးတော့ သုံးစွဲသူတွေကို ပစ္စည်းတွေကို အကောင်းဆုံးအသုံးပြုနိုင်အောင် ပညာပေးဖို့ စတာတွေကို သေချာအောင်လုပ်ကိုင်ရမှာဖြစ်ပါတယ်” ဟု မကြာခင်က ပြုလုပ်ခဲ့သော မဇ္ဈိမ၏ သီးသန့်တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် Melvyn Pun က ဖြေကြားခဲ့သည်။

ရိုးမ၏ လက်အောက်ခံကုမ္ပဏီ CPCL သည် နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် New Holland နှင့်အတူ လက်ထွန်စက်၊ ရိတ်သိမ်းစက်စသည့် ပစ္စည်းရောင်းချသည့်ဈေးကွက်တွင် အကျိုးမြတ်များစွာ ရရှိခဲ့ကြောင်း ယခုနှစ်အတွင်း ထုတ်ပြန်ထားသော ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။

ထို့ကြောင့် လုပ်ငန်းအသစ်ဖြစ်သည့် Yoma JCB ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းဖြန့်ချီရေးအတွက်ပါ ရိုးမက အားခဲ လာနေသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ ဆောက်လုပ်ရေးလုပ်ငန်းများကို ဝန်ဆောင်မှုပေးရန် ယခုနှစ်အကုန်တွင် ရန်ကုန်နှင့် မန္တလေးမြို့အပါအဝင် JCB အရောင်းဆိုင်ခွဲပေါင်း ၁၄ ခုအထိ တိုးချဲ့သွားမည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုကိုတော့ လာမည့် နှစ်အနည်းငယ်အတွင်း အမေရိကန်ဒေါ်လာ ၅ သန်းခန့် ထည့်ဝင်သွားမည်ဖြစ်သည်ဟု Melvyn Pun က ဆိုသည်။

ဆက်လက်ပြီး Melvyn Pun က အသစ်တိုးချဲ့ထားသည့် Yoma JCB သည် ယင်းသို့စိတ်လှုပ်ရှားဖွယ်ကောင်းသော အခြေအနေများမှ ရိုးမမဟာဗျူဟာဦးပိုင်လီမိတက်၏ နောက်ထပ်အဓိကကျသော စီးပွားရေးဖော်ဆောင်မှုဆိုင်ရာ ကဏ္ဍသစ်တစ်ရပ်ဖြစ်လာမည်ဟု အခိုင်အမာယုံကြည်ထားကြောင်း ပြောဆိုထားသည်။

ရိုးမသည် အိမ်ခြံမြေကဏ္ဍ၊ စားသောက်ကုန်၊ မော်တော်ယာဉ်နှင့် ပစ္စည်းကိရိယာရောင်းချခြင်းစသည့် ကဏ္ဍ ၃ ခုတွင် မဏ္ဍိုင်ပြု ရပ်တည်လျက်ရှိသည်။

Yoma JCB သည် ၎င်း၏ ဈေးကွက်ဦးတည်ချက်ကို နိုင်ငံတွင်း အခြေခံအဆောက်အဦးတည်ဆောက်ရေးအပိုင်းနှင့် အသေးစားအလတ်စားဆောက်လုပ်ရေးလုပ်ငန်းများအပေါ်တွင် အာရုံစိုက်သွားမည်ဖြစ်ကြောင်း Yoma JCB ၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ Gerhard Hartzenberg က ပြောသည်။

“ခင်ဗျားသိတဲ့အတိုင်း မြန်မာနိုင်ငံက ဆောက်လုပ်ရေးကုမ္ပဏီတွေရဲ့ ရာခိုင်နှုန်း ၉၀ လောက်ဟာ အသေးစားအလတ်စားလုပ်ငန်းတွေဖြစ်ပါတယ်။ ၁၀ ရာခိုင်နှုန်းလောက်ကတော့ နိုင်ငံခြား ကုမ္ပဏီတွေပေါ့။ ဒါကြောင့် ကျွန်တော်တို့က အသေးစားအလတ်စားလုပ်ငန်းတွေကို ပစ်မှတ်ထားလုပ်ကိုင်မှာပါ။လမ်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအပြင် အခြေခံအဆောက်အဦးတည်ဆောက်ရေး လုပ်ငန်းတွေအတွက်ပါအာရုံစိုက်ထားပါတယ်” ဟု Gerhard က မဇ္ဈိမကို ပြောသည်။

တစ်ဆက်တည်းတွင် Gerhard က အဓိကကျသော နိုင်ငံခြားဆောက်လုပ်ရေးကုမ္ပဏီကြီးများ၊ သတ္တုတူးဖော်ရှာဖွေရေး လုပ်ငန်းများ တိုင်းပြည်တွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံလျှင် ထိုလုပ်ငန်းများကို ဝန်ဆောင်ပေးသွားနိုင်ရန် မျှော်လင့်ထားသည်ဟု ပြောသည်။

မျက်မြင်အခြေအနေများအရဆိုရလျှင် ရာစုနှစ်တစ်ဝက်ခန့် အထီးကျန်နောက်ကျမှုများကြားကနေ ရုန်းထွက်ရန်ကြိုးစား နေသော အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ဝင် မြန်မာပြည်အဖို့ အကောင်အထည်ဖော်ရမည့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များက များစွာကျန်ရှိနေသေးသလို စီးပွားရေးအဆောက်အဦးများကို တိုးမြှင့်ရန်လည်း နိုင်ငံ၏ စီးပွားရေးအတွက် အခရာကျနေ သည်။

ထို့ကြောင့် တည်ဆောက်ရေးနှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် ဆောက်လုပ်ရေးဈေးကွက်က နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုရန် အများကြီး ရှိနေသည်။

ထိုကဲ့သို့ အလားအလာရှိသော ဆောက်လုပ်ရေးဈေးကွက်ကြောင့် ရင်းနှီးမြှုပ်နှံမှုများစွာ တိုးဝင်လာနိုင်မည့် အကောင်းမြင်မျှော်လင့်ထားချက်များရှိကြောင်း ရိုးမ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Melvyn က ပြောပြသည်။

“လွန်ခဲ့တဲ့ လေးနှစ်အတွင်းမှာ ဆက်သွယ်ရေး အခြေခံ အဆောက်အဦးကဏ္ဍဘယ်လောက်အထိ တိုးတက်သွားသလဲဆိုတာကို ကြည့်တာနဲ့ အခြား အခြေခံအဆောက်အဦးပိုင်းတွေပါ အလားတူ တိုးတက်မှုပုံစံမျိုး ဖြစ်လာမယ်လို့ ကျွန်တော် အကောင်းမြင်ထားပါတယ်”

၎င်းက ဆက်လက်ပြီး “အခုဆို ဗဟိုချုပ်ကိုင်မှုဖြေလျှော့ခြင်းတွေနဲ့ ရင်းနှီးမြှုပ်နှံကို ပိုမိုလွယ်ကူတဲ့ နည်းလမ်းနဲ့ ဝင်ရောက်လာအောင် ဦးတည်ပစ်မှတ်ထားတဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်တစ်ခုနဲ့ လုပ်ငန်းစဉ်တွေလည်း ထွက်ပေါ်လာပြီဖြစ်ပါတယ်။ အကုန်လုံးတော့ ပြောင်းလဲသွားတယ်လို့တော့ မဆိုနိုင်ပါဘူး။ ကျွန်တော်ရဲ့ ပုဂ္ဂိုလ်ရေး ထင်မြင်ချက်ကတော့ ကျွန်တော်တို့ မှန်ကန်တဲ့ လမ်းကြောင်းအပေါ်မှာ ရောက်နေပြီလို့ ပြောချင်ပါတယ်။ ဒီတစ်ချို့သော အပြောင်းအလဲတွေကနေ အလွန်ကို နီးကပ်နေတဲ့ အချိန်အတောအတွင်းမှာ ရင်းနှီးမြှုပ်နှံတွေကို ဦးတည်လာမယ်လို့ ကျွန်တော် သိမြင်ထားပြီးပါပြီ” ဟု အနီးကပ်ဆုံးအချိန်တွင် ဖြစ်ပေါ်လာနိုင်မည့် ရင်းနှီးမြှုပ်နှံမှုအခြေအနေများကို ပြောပြလာသည်။

အာရှဖွံ့ဖြိုးရေးဘဏ် ADB ၏ ခန့်မှန်းမှုများအရ မြန်မာနိုင်ငံတွင် လမ်းတံတားနှင့် ဆက်သွယ်ရေးကဏ္ဍအတွက် ၂၀၃၀ အထိကို အစိုးရက အမေရိကန်ဒေါ်လာ ဘီလီယံ ၁၂၀ ခန့် ရင်းနှီးမြှုပ်နှံဖို့လိုအပ်နေပြီး မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများပါ ရင်းနှီးမြှုပ်နှံသွားမည်ဆိုလျှင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံလောက်အထိ အကုန်အကျခံရမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာပြည်မှာ ကွန်ဒိုမီနိယံ၊ အဆင့်မြင့်အဆောက်အဦးတွေတင်မဟုတ်ဘဲ လမ်းတံတား၊ ဓာတ်အားပေးစက်ရုံစတဲ့ အခြေခံအဆောက်အဦးလိုအပ်ချက်ေတွေက အများကြီးရှိနေတာကြောင့် ဒီကဏ္ဍတွေအတွက် အရည်အသွေးအလွန်ကောင်းတဲ့ တည်ဆောက်ရေးကိရိယာတွေ ဖြည့်တင်းပေးဖို့ကလည်း လိုအပ်တယ်လို့ ထင်ပါတယ်” Melvyn က ဖြည့်စွက်ပြောဆိုထားသည်။

သို့ရာတွင် မြန်မာပြည်ဆောက်လုပ်ရေးကဏ္ဍ (Construction) အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားသော နိုင်ငံခြားလုပ်ငန်းများ မတွေ့ရဘဲ   ဆောက်လုပ်ရေးနှင့် ဆက်စပ်သော ဟိုတယ်လုပ်ငန်း၊ အိမ်ခြံမြေကဏ္ဍနှင့် စက်မှုမြေယာဖော်ထုတ်မှု စသည့်နယ်ပယ်များတွင်သာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိန်းကဏန်းများကို တွေ့ရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန-DICA က ပြုစုထားသော စာရင်းများအရ ၁၉၈၈-၈၉ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရေးကဏ္ဍ (Construction) မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃၇ သန်းကျော် ကိုသာ တွေ့ရပြီး ယင်းနောက်ပိုင်းမှစ၍ လက်ရှိဘဏ္ဍာနှစ်အထိ ယင်းကဏ္ဍအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမရှိပေ။

မည်သို့ပင်ဖြစ်စေ Yoma JCB ၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ Gerhard က ယင်းတို့၏ လုပ်ငန်းကို ရေရှည်ရပ်တည် လုပ် ကိုင်မည်ဖြစ်ပြီး နိုင်ငံ၏ ဆောက်လုပ်ရေးဈေးကွက် အပြောင်းအလဲတွင် တိုးတက်သွားချင်သည်ဟု ပြောပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly