မန်ချက်စတာဗုံးဖောက်ခွဲသူ၏ ဓာတ်ပုံအား ရဲတပ်ဖွဲ့ထုတ်ပြန်

မန်ချက်စတာဗုံးဖောက်ခွဲသူ၏ ဓာတ်ပုံအား ရဲတပ်ဖွဲ့ထုတ်ပြန်

 မေ ၂၈ ။             ။ ပေါ့ပ်ဂီတဖျော်ဖြေပွဲတွင် အသေခံဗုံးဖောက်ခွဲပြီး လူ ၂၂ဦးကို အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့သော မန်ချက်စတာဗုံးဖောက်ခွဲသူ၏ အခင်းဖြစ်ပွားရာညမှ ဓာတ်ပုံများကို ရဲတပ်ဖွဲ့က စနေနေ့တွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သော တနင်္လာနေ့ကဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအတွက် စုံစမ်းစစ်ဆေးမှုများကို ယခုရက်ပိုင်းအတွင်း အပူ တပြင်းလုပ်ဆောင်နေကြပြီး စုံစမ်းစစ်ဆေးသူများသည် အသက်၂၂နှစ်အရွယ်ရှိ ဗုံးဖောက်ခွဲသူ၏ အသေးစိတ် အချက်အလက်များကို လူထုအား ဖျောင်းဖျသည့်အနေဖြင့် ထုတ်ပြန်ပေးခဲ့သည်။

အဆိုပါဓာတ်ပုံများကို စီစီတီဗွီရုပ်သံ မှတ်တမ်းများမှ ရယူထားခြင်းဖြစ်ပြီး မျက်မှန်တပ်ထားသော အဘီဒီအမည် ရှိ ဗုံးခွဲသူသည် နှုတ်ခမ်းမွှေးအနည်းငယ်ရှိပြီး ဂျင်းဘောင်းဘီ၊ အနက်ရောင်ဦးထုပ်၊ လက်ပြတ်ခါးတို ကိုယ်ကျပ် အင်္ကျီတို့ကို ဝတ်ဆင်ထားပြီး ကျောပိုးအိပ်လွယ်ထားသည်ကို တွေ့မြင်ရသည်။

ရဲတပ်ဖွဲ့မှ ထုတ်ပြန်ချက်ထဲ၌ ဗုံးခွဲသူနောက်ဆုံး သွားရောက်ခဲ့သောနေရာမှာ မြို့လယ်ခေါင်ရှိ တိုက်ခန်းတစ်ခု ဖြစ်ပြီး ထိုမှတဆင့် မန်ချက်စတာအားကစားကွင်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

“အဆိုပါတိုက်ခန်းဟာ ဗုံးဖောက်ခွဲဖို့ ပစ္စည်းကရိယာကို သူသွားရောက်ရယူခဲ့ပြီး စည်းဝေးခဲ့တဲ့နေရာဖြစ်ဖို့ အများကြီး ဆက်စပ်မှုရှိပါတယ်”  ဟု ရဲတပ်ဖွဲ့ကပြောခဲ့သည်။

မန်ချက်စတာ၌မွေးဖွားပြီး လစ်ဗျားဇာတိဖြစ်သော အဘီဒီ၏ ဖောက်ခွဲမှုနှင့် ဆက်စပ်မှုရှိသည့် လူပေါင်း၁၁ဦး ကို လက်ရှိတွင် ဗြိတိန်၌ ဖမ်းဆီးထိန်းသိမ်းထားသည်။ သူ၏ဖခင်နှင့် ညီအစ်ကိုတော်စပ်သူတို့ကိုလည်း လစ်ဗျား၌ ဖမ်းဆီးထားသည်။

ရဲတပ်ဖွဲ့မှ ထုတ်ပြန်ချက်ထဲတွင် အဘီဒီသည် မည်သည့်အရပ်မှလာကြောင်း ဖော်ပြမထားသော်လည်း လစ်ဗျား မှ လာသောသတင်းများအရ ဗုံးဖောက်ခွဲသူသည် မြောက်အာဖရိကနိုင်ငံမှ မန်ချက်စတာသို့ ခရီးထွက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တူရကီနှင့် ဂျာမနီ အရာရှိများကလည်း အဘီဒီသည် အစ္စတန်ဘူလ်နှင့် ဒြူဆယ်လ်ဒေါ့ဖ် လေဆိပ်များသို့ ဖြတ်သန်းသွားလာခဲ့ကြောင်း ပြောခဲ့သည်။

လက်ရှိတွင် ဗြိတိန်ရဲများသည် နေရာ ၁၄ခုတွင် ရှာဖွေရေးများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly