နိုင်ငံရေးကဏ္ဍမှ ခွဲထွက်ခွင့် မရှိဆိုသည့် စာသားကြောင့် ပင်လုံအစည်းအဝေး ရက်ထပ်တိုးရခြင်းဖြစ်

နိုင်ငံရေးကဏ္ဍမှ ခွဲထွက်ခွင့် မရှိဆိုသည့် စာသားကြောင့် ပင်လုံအစည်းအဝေး ရက်ထပ်တိုးရခြင်းဖြစ်

နေပြည်တော်၊ မေ ၂၈ ။  ။ နိုင်ငံရေးကဏ္ဍဆိုင်ရာ အဆိုပြုလွှာတွင်ပါရှိသည့် “ပြည်ထောင်စု ခွဲထွက်ခွင့် မရှိစေရ” ဆိုသည့် စကားရပ်အပေါ် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအတွင်း အကြိတ်အနယ်ဆွေးနွေးနေရ၍ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး ရက်ထပ်တိုးရခြင်းဖြစ်သည်ဟု UPDJC အတွင်းရေးမှူး အဖွဲ့ဝင် စောမြရာဇာလင်းက အတည်ပြုပြောကြားလိုက်သည်။

“ပြည်ထောင်စုရဲ့ အစိတ်အပိုင်းဟူသမျှသည် နိုင်ငံတော်မှ ခွဲထွက်ခွင့် မရှိစေရ ဆိုတဲ့စာသားပဲ၊ အမှန်ကတော့ တိုင်းရင်းသားတွေအားလုံးဖြစ်စေချင်တာက မလိုအပ်တဲ့ စာသား ဘာဖြစ်လို့ထည့်မှာလဲပေါ့” ဟု စောမြရာဇာလင်းကဆိုသည်။

မေ ၂၈ ရက်က နေပြည်တော်ရှိ MICC-2 ခန်းမတွင် ပြုလုပ်သည့် UPDJC အစည်းအဝေးသို့ တက်ရောက်လာသည့် UPDJC အတွင်းရေးမှူး အဖွဲ့ဝင် စောမြရာဇာလင်းက အထက်ပါအတိုင်း ပြောခဲ့သည်။

အဆိုပါ စာကားရပ်အပေါ် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့များနှင့် နိုင်ငံရေးပါတီအစုအဖွဲ့တချို့တို့က ပယ်ဖျက်လိုသည့်အတွက် ကန့်ကွက်နေသည့် အချက်လည်းဖြစ်သည်။

အစိုးရဘက်မှ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဆိုသည့် စကားရပ်ကို ခွင့်ပြုပေးလိုက်ပြီဆိုပါက ခွဲထွက်သွားမည်ကို စိုးရိမ်ပူပန်မှုများ ရှိနေသည်ဟု စောမြရာဇာလင်း၏ ပြောဆိုချက်အရသိရသည်။

ယင်းအပြင် ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဋ္ဌ UPDJC အတွင်းရေးမှူး အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ပဒိုစောကွယ်ထူးဝင်းက “အရေးကြီးတဲ့အချက်တွေကို ကျွန်တော်တို့အဖွဲ့အစည်းအတွင်းမှာပဲ ဆွေးနွေးနေလို့ပါ၊ ခွဲထွက်ခွင့်ဆိုတာက ဒါကို မူအရလက်ခံတယ်၊ ဒါပေမယ့် စာအသုံးအနှုန်းပါပဲ” ဟု မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့သည်။ 

အဆိုပါ ခွဲမထွက်ရဆိုသည့် စကားရပ်နှင့်ပတ်သက်၍လည်း ၁၉၄၇ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ပင်လုံစိတ်ဓါတ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်ထောင်စုမူနှင့် ဆန့်ကျင်နေပြီး အဆိုပါအချက်သည် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို ပျက်ပြားစေသည့်အတွက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လက်ခံမည်မဟုတ်ဟု မေလ ၂၅ ရက်က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေး၏ ဒုတိယနေ့နှင့် တတိယနေ့တွင် ကဏ္ဍကြီးငါးခုဖြစ်သည့် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ တို့ကို ကဏ္ဍအလိုက်၊ အစုအဖွဲ့အလိုက် ဆွေးနွေးနေခဲ့ကြပြီး နှစ်ရက်ကြာဆွေးနွေးမှုရလဒ်များကို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC )သို့ တင်ပြပြီး ပင်လုံဒုတိယအစည်းအဝေးနောက်ဆုံးနေ့တွင် သဘောတူချက်ရယူသွားမည်ဖြစ်သည်။

မေလ ၂၄ ရက်မှ စတင်ကျင်းပနေသည့် ၂၁ရာစုပင်လုံဒုတိယအစည်းအဝေးတွင် ကဏ္ဍအလိုက်ဆွေးနွေးပွဲများတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊တိုင်းရင်းသားလက်နက်ကိုင်များ၊ကဏ္ဍအလိုက် တတ်သိပညာရှင်များ၊ ဖိတ်ကြားထားသည့် ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ကဏ္ဍ တစ်ခုလျှင် တက်ရောက်ဆွေးနွေးသူ ၁၅၀ ဦးတက်ရောက်ခဲ့ကြသည်။

ကဏ္ဍအလိုက်ဆွေးနွေးမှုများတွင် လုံခြုံရေးကဏ္ဍ၌ တစ်ခုတည်းသော တပ်မတော် ထားရှိရေးနှင့် ပတ်သက်ပြီး တပ်မတော်အစုအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့၊နိုင်ငံရေးပါတီအစုအဖွဲ့တို့နှင့် အငြင်းပွားမှုများ ဖြစ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required