အစိုးရသစ်အနေဖြင့် ငြိမ်းချမ်းရေးနည်းတူ စီးပွားရေးကို ဦးစားပေးသင့်ကြောင်း နိုင်ငံရေးသုတေသီနှင့် လွှတ်တော်အမတ်အချို့ဝေဖန်

အစိုးရသစ်အနေဖြင့် ငြိမ်းချမ်းရေးနည်းတူ စီးပွားရေးကို ဦးစားပေးသင့်ကြောင်း နိုင်ငံရေးသုတေသီနှင့် လွှတ်တော်အမတ်အချို့ဝေဖန်

ရန်ကုန် မေ၂၇ ။          ။ မြန်မာနိုင်ငံတွင်ငြိမ်းချမ်းရေးမရသည့် ပြဿနာရင်ဆိုင်နေရသလို စီးပွားရေး အဆင်မပြေသည့် ပြဿနာကို   အောက်ခြေလူတန်းစား အများစု ခံစားနေရသည်ဟု   နိုင်ငံရေးသမား၊ လွှတ်တော်အမတ်အချို့နှင့်နိုင်ငံရေးသုတေသီအချို့က ဝေဖန်လျှက်ရှိသည်။ တိုင်းရင်းသားဒေသအချို့တွင် ငြိမ်းချမ်းရေးရဖို့လိုအပ်နေသလို တိုင်ဒေသကြီးများမှပြည်သူများအနေဖြင့် စားဝတ်နေရေးပြသနာက ကြီးမားနေသည်ဟုဆိုကြသည်။

”ငြိမ်းချမ်းရေးကို စိတ်ဝင်စားတဲ့သူတွေတော့ ရှိပါတယ်။ ဒါပေမယ့်ရန်ကုန်တိုင်းဒေသကြီးမှာ အများစုကတော့ အခြေခံလူတန်းစားကတော့ ဘာစိတ်ဝင်စားနေလဲဆိုတော့ လျှပ်စစ်မီးဘယ်နေ့ တက်မှာလဲ။ နောက်တစ်ချက် ဒီထက်နိမ့်တဲ့သူတွေက ဘာစိတ်ဝင်စားလဲဆိုတော့ ကျနော်တို့ဝန်ကြီးချုပ်က ကျူးကျော်တဲတွေ တိုက်ပေါ်တင်မယ်လို့   ပြောခဲ့တယ်။ အစိုးရတက်တက်ချင်း ဧပြီလ၂၅ရက်နေ့မှာ စာရင်းပိတ်မယ်လို့ ပြောခဲ့တယ်။

အခုတစ်နှစ်ကျော်လာပြီ။ ကျူးကျော်တွေ ဘာလုပ်ရမလဲ။သူတို့မျှော်တလင့်လင့်ဖြစ်နေတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

လက်ရှိအခြေအနေတွင် အခြားအရေးကြီးကဏ္ဍများထက် ငြိမ်းချမ်းရေးကိုပိုပြီးဦးစားပေးနေသည့် အစိုးရသစ်၏ မူဝါဒကို ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။

ပြီးခဲ့သည့်မေလ ၁၄ရက်က ပြုလုပ်ခဲ့သည့် မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ့်က အဆိုပါ အချက်ကိုဝေဖန်သွားခဲ့သည်။ နိုင်ငံရေးပါတီထောင်ရန် ကြိုးစားနေသည့် ၈၈မျိုးဆက် ဦးကိုကိုကြီးကလည်း မြန်မာနိုင်ငံ၏ " စီးပွားရေးအခြေအနေဟာ နိုင်ငံရေးသမားတွေအတွက် ခေါင်းလောင်းထိုးသံပါပဲ”ဟုပြောသွားခဲ့သည်။

မြန်မ့ာနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရန်ကျော်က” ပြည်သူဆိုတာလည်း တကယ်တန်းပြောရရင် လူသားပဲပေါဗျာ။ လူသားတွေမှာ အရေးအကြီးဆုံးက ပထမလိုအပ်ချက်က စားဝတ်နေရေးပဲ။ ဖက်ဒရယ်တို့ ငြိမ်းချမ်းရေးတို့ဆိုတာကလည်း ကျနော်တို့နိုင်ငံအနေနဲ့ပြောရရင် ပြည်နယ်တွေမှာတော့ ပိုပြီးတော့ ထိထိတွေ့တွေ့ရှိတယ်။ တိုင်းဒေသကြီးတွေမှာတော့ ထိတွေ့တာအားနည်းတာကို   တွေ့ရပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော်ရန်ကုန်မြို့မှ အခြေခံလူတန်းစားပြည်သူအချို့ကို မဇ္ဈိမကမေးမြန်းကြည့်ရာ အများစုက စားဝတ်နေရေးအတွက် တွေးပူကြောင်းပြောပြီး အချို့က အခြေခံဥပဒေ   ပြင်ဆင်ရေးကို ပိုစိတ်ဝင်စားသည်ဟု ဆိုသည်။

မဟာဗျူဟာနဲ့မူဝါဒဆိုင်ရာ လေ့လာသုံးသပ်ရေး အင်စတီကျူမှ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကမူ ငြိမ်းချမ်းရေးသည်ပထမ ငြိမ်းချမ်းရေးသည် ဒုတိယ ငြိမ်းချမ်းရေးသည် တတိယဆိုပြီး လုပ်၍မရကြောင်း စီပွားရေးကိုလည်းအာရုံစိုက်သင့်ကြောင်း ပြောသည်။

“တိတ်ဆိတ်နေတဲ့လူများစုကြီးရဲ့ ခံစားချက်ကတော့ ကျနော်ထင်တာပေါနော်။လတ်တလောကတော့ စားဝတ်နေရေးပဲ။ စားဝတ်နေရေး  တော်တော်ကြပ်တယ်။   နောက်တစ်ခုကတော့ တရားဥပဒေစိုးမိုးရေးပဲ။ ဒီပေါ်မှာအခြေခံပြီးတော့မှပဲ လွတ်လပ်ခွင့်တို့ ဒီမိုကရေစီအခွင့်အရေး ဆိုတာကတော့ နောက်တပိုင်းပေါနော်။   နောက်တစ်ပိုင်းဆိုပေမယ့် တဆက်တည်းပါပဲ။ အစိုးရသစ်စကတည်းက ကျနော် ပြောတယ်။ ငြိမ်းချမ်းရေးသည် ပထမ။ ငြိမ်းချမ်းရေးသည် ဒုတိယ။ ငြိမ်းချမ်းရေးသည် တတိယဆိုပြီး လုပ်လို့မရဘူး။ ကျနော်တို့နိုင်ငံမှာ   ပြသနာတွေအများကြီး ရှိတယ်။ အထူးသဖြင့် လေးမျိုးရှိတယ်။တစ်ခုကဒီမိုကရေစီအသွင်ကူးပြောင်းရေး။နောက်တစ်ခုက အရပ်ဘက်စစ်ဘက် ဆက်ဆံရေး။ နောက်တခု တိုင်းရင်းသားအရေး။   နောက်ဆုံးတစ်ခုက စားဝတ်နေရေး။ စားဝတ်နေရေးမှာက ဆင်းရဲမွဲတေမှုတင်မကတော့ဘူး။

မညီမျှမှုပြဿနာပါ တက်လာတယ်။ မညီမျှမှုဖြစ်လို့ ရာဇဝတ်မှု ပိုဖြစ်လာတာ။ ဘာမှမဟုတ်တဲ့ ပိုက်ဆံလေးနဲ့ လုတာယက်တာ သတ်တာတွေဖြစ်နေကြတာ။ မူးယစ်ဆေးဝါးပြဿနာတွေကလည်း ပိုဆိုးနေတာ။ ခြုံပြောရရင် ဒီပြသနာလေးခုကို ဟန်ချက်ညီညီ မကိုင်တွယ်ပဲတစ်ခုတည်းကိုပဲ ဦးစားပေးပြီး စိုက်လိုက်မတ်တပ်လုပ်မယ်ဆိုရင် ကြက်ဥတွေ အကုန်လုံး ခြင်းတစ်ခုထဲ ထည့်သလိုဖြစ်မှာပေါ့။ အဲဒီခြင်းကွဲရင်အကုန်ကွဲမှာလေ။ကျနော်ကတော့အားလုံးကို မျှလုပ်ဖို့လိုပြီး စီးပွားရေးကို သေချာဇောင်းပေးလုပ်ဖို့လိုမယ်လို့ ထင်ပါတယ်။ အဲလိုမလုပ်နိုင်ဘူးဆိုရင်တော့ လူ့အဖွဲ့အစည်းမှာ မလုံခြုံမှုတွေ သိပ်များလာရင် လူနဲ့လူနဲ့ကြားထဲက ဆက်ဆံရေးတွေ ယုံကြည်မှုတွေ အစည်းပြေသလိုဖြစ်သွားရင်တော့ Failed State (ကျရှုံးတိုင်းပြည်)မဖြစ်ခင် လူတွေ စိတ်ဓါတ်ပိုင်းဆိုင်ရာအရ Faillingဖြစ်နေတာကို စတွေ့ရလိမ့်မယ်”ဟု ဦးမင်းဇင်က ပြောသည်။

လက်ရှိအစိုးရသစ်လက်ထက်တွင်လည်း တိုက်ပွဲဖြစ်ပွားမှုများ မြင့်တက်ခဲ့သလို  ပထမအကြိမ်နှင့်ဒုတိယအကြိမ် ်ပင်လုံညီလာခံများကိုကျင်းပနိုင်ခဲ့သည်။တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူဦးရေ သိန်းချီပြီး ရှိလာခဲ့သည်။

အချို့စစ်ဘေးရှောင်စခန်းများကို သွားရောက်မကူညီနိုင်ခြင်းမျိုးများလည်းကိုလည်း ကြုံတွေ့နေရကြောင်း အရပ်ဘက်အဖွဲ့အစည်းများကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required