ရဲတိုက်ဆီကိုပေးပို့တဲ့ ဦးမင်းကိုနိုင်ရဲ့ စာတိုလေး နဲ့ စာအုပ် ရအုပ်

ရဲတိုက်ဆီကိုပေးပို့တဲ့ ဦးမင်းကိုနိုင်ရဲ့ စာတိုလေး နဲ့ စာအုပ် ရအုပ်

တောင်ငူအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ သရုပ်ဆောင်ရဲတိုက်အတွက် ၈၈မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်က စာတိုလေးနဲ့အတူ ဖတ်စေချင်သည့် စာအုပ် ၇အုပ်ကို ပေးပို့ခဲ့ကြောင်း ဆာတိုရီဗီဒီယိုထုတ်လုပ်ရေးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

စာထဲမှာတော့ "ညီလေး .. တခါက ကံဆိုးတယ်ထင်တာတွေဟာ တစ်ချိန်မှာ ကံကောင်းဖို့ဖြစ်တတ်ပါတယ်။ အချိန်ကိုအကျိုးရှိအောင်ကုန်နေရင် ဘယ်နေရာရောက်နေနေ ကိစ္စမရှိပါဘူး။ အသင့်အတင့်နှလုံးသွင်းပါ။..အကို" ဆိုပြီး ဦးမင်းကိုနိုင်ရဲ့ လက်မှတ် ရေးထိုးထားပါတယ်။

"ရဲတိုက် အတွက် စာနာထောက်ထားတဲ့ ကိုမင်းကိုနိုင်က ပေးပို့လာတဲ့စာတိုလေး နဲ့ဖတ်စေချင်တဲ့စာအုပ်၇အုပ်ကို ရဲတိုက်ထံသို့ ဒီနေ့ညနေမှာပေးပို့ခဲ့ပြီးပါပြီ" လို့ ဆာတိုရီဗီဒီယိုထုတ်လုပ်ရေးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားတာပါ။

လွတ်ငြိမ်းချမ်းသာစာရင်းမှာမပါဝင်တာနဲ့ပတ်သက်လို့ ရဲတိုက်က "ရပါတယ်။ မမျှော်လင့်ပါဘူး" လို့ရယ်ရယ်မောမောပြောကြားခဲ့ပါတယ်လို့လည်း ရေးသားထားပါသေးတယ်။

မေလ ၉ရက်က ထောင်ဝင်စာတွေ့ချိန်မှာတော့ ရဲတိုက်က "ကျွန်တော်မကြာခင်မှာ ပြန်လာခဲ့ပါတော့မယ်။ အားလုံးကိုလွမ်းတတ်ခဲ့ပါပြီ" လို့ ရေးသားထားတဲ့ စာတိုလေးကို ဆာတိုရီ ဗီဒီယို ထုတ်လုပ်ရေးမှ ဒါရိုက်တာ ရီဇော်ထံ ထည့်ပေးလိုက်ပါသေးတယ်။

မေလ ၂၄ရက်က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ သရုပ်ဆောင် ရဲတိုက် ပါဝင်လိမ့်မယ်လို့ ပရိတ်သတ်တွေက မျှော်လင့်ထားပေမယ့် ပါမလာခဲ့ပါဘူး။

သရုပ်ဆောင်ရဲတိုက်က ဆေးခြောက်လက်ဝယ်တွေ့ရှိမှုနဲ့ ၂၀၁၃ခုနှစ် ဇူလိုင်လအတွင်းမှာ အဖမ်းခံခဲ့ရပြီး ၂၀၁၄ခုနှစ် ဧပြီလမှာ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် တရားရုံးက ထောင်ဒဏ် ၆နှစ် ချမှတ်ခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly