သိမ်းဆည်းထားသည့်ယာမြေကိစ္စ တိုင်းဝန်ကြီးနှင့် ဒေသခံများတွေ့ဆုံ

သိမ်းဆည်းထားသည့်ယာမြေကိစ္စ တိုင်းဝန်ကြီးနှင့် ဒေသခံများတွေ့ဆုံ

မကွေး၊ မေ ၂၇ ။         ။ ပညာရေးကောလိပ်ကျောင်းမှ သိမ်းဆည်းထားသည့် ယာမြေများနှင့်ပတ်သက်၍ မေလ ၂၇ ရက်နေ့က မကွေးမြို့နယ် မကြီးကန်ကျေးရွာ အေးစေတီဘုရားကျောင်း ဓမ္မာရုံတွင် ယာမြေအသိမ်းဆည်းခံတောင်သူများ နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို တွေ့ဆုံခဲ့သည်။

မကွေးတိုင်းဝန်ကြီး ဒေါက်တာအောင်မိုးညိုက တောင်သူများအတွက် တစ်ကယ်လိုအပ်ကြောင်း၊ ပြန်စွန့်လွှတ်သင့်ကြောင်း ပညာရေးဝန်ကြီးဌာနကို ထောက်ခံတင်ပြပေး သွားမည်ဟုတောင်သူများ အား ပြောကြားခဲ့သည်။

အဆိုပါ ပညာရေးကောလိပ်ကျောင်းမှ ၁၉၈၈ခုနှစ်ကယာမြေဧက (၁၀၃)ဧက သိမ်းဆည်းထားပြီး လန(၃၉)ရရှိကာ လျော်ကြေးငွေ ပေးအပ်ပြီးဖြစ်သော်လည်း ဌာနမှ အသုံးမပြုဘဲ ကျန်နေသေးသည့် ယာမြေဧက (၄၀) ခန့်အား တောင်သူများက ယနေ့ချိန်ထိ လုပ်ကိုင်လျက်ရှိရာ ပြန်လည်စွန့်လွှတ်ရန် တောင်းဆိုနေခြင်း ဖြစ်သည်ဟု သိရသည်။

မကွေးမြို့နယ်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်က “ ၁၉၈၈ ခုနှစ်က ပညာရေးဌာနက လန၊(၃၉)ရပြီးသားဖြစ်တယ် ။ သို့သော် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေအရ သိမ်းဆည်းထားတဲ့ဌာနက ၆ လအတွင်း လုပ်ငန်းအကောင်အထည်မဖော်ရင် ပြန်လည်စွန့််လွှတ်ရမယ်ဆိုတာနဲ့ ညှိနေပါတယ် အဲ့ဒီအတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဒီယာမြေတွေကို ပြန်စွန့်လွှတ်သင့်တယ် ဆိုတာကို ထောက်ခံတင်ပြသွားမှာပါ” ဟု ပြောသည်။

အသိမ်းအဆည်းခံ တောင်သူတစ်ဦးက သိမ်းဆည်းခံထားရသော ယာမြေများထဲမှ ဌာနအသုံးမပြုသည့် ယာမြေဧက ၄၀ ခန့်ကို တောင်းသူများက ယခင်အစိုးရလက်ထက်တွင် လုပ်ကိုင်ခွင့် အခကြေးငွေပေး လုပ်ကိုင်ခဲ့ရကြောင်း လက်ရှိအစိုးရလက်တွင် ငွေကြေးမပေးဆောင်ရဘဲ လုပ်ကိုင်ခွင့်ရရှိနေသည်ဟု ပြောသည်။

"ကျွန်တော်တို့က ဌာနကအသုံးမပြုတဲ့ ယာမြေတွေကို ပြန်လိုချင်တာပါ ။ ကျွန်တော်တို့ပိုင်ဆိုင်ကြောင်း ခိုင်ခိုင်မာမာဖြစ်ချင်တဲ့အတွက် ပုံစံ(၇)လည်း ရချင်ပါတယ်” ဟု ပြောသည်။

ပညာရေးကောလိပ်ကျောင်းမှ သိမ်းဆည်းထားသည့် ယာမြေများနှင့် ပတ်သက်၍ တိုင်းဒေသကြီးအဆင့် တွင် လုပ်ဆောင်၍ မရကြောင်း၊  ဗဟိုအဆင့်ပညာရေးဝန်ကြီးဌာနကို တင်ပြရမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံက သိရသည်။

ယနေ့တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်မြေစာရင်းဌာန မှတာဝန်ရှိသူများ၊ ခရိုင်၊မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနမ ှတာဝန်ရှိသူများ အသိမ်း ဆည်းခံတောင်သူများ တက်ရောက်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly