၂၁ရာစုပင်လုံ အစည်းအဝေး ဆွေးနွေးမှုမပြီးပြတ်၍ ရက်ထပ်တိုး

၂၁ရာစုပင်လုံ အစည်းအဝေး ဆွေးနွေးမှုမပြီးပြတ်၍ ရက်ထပ်တိုး
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မေလ ၂၇ရက်၊ ၂၀၁၇ခုနှစ်)။ ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေး၏ နောက်ဆုံးနေ့ ညီလာခံပိတ်ပွဲအခမ်းအနားအား နောက်သို့ တစ်ရက် ရွှေ့ဆိုင်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ(UPDJC) အတွင်းရေးမှူး ဦးလှမောင်ရွှေက ယနေ့ညနေပိုင်းတွင် အတည်ပြု ပြောကြားသည်။

“ညှိနိုင်းစရာ အချက်တစ်ချက်လောက် ကျန်နေပါတယ်” ဟု ဦးလှမောင်ရွှေက ပြောသည်။ အဆိုပါ ညှိနိုင်းစရာအချက်ကိုမူ လောလောဆယ်ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ဦးလှမောင်ရွှေက ဆိုသည်။

ညီလာခံနောက်ဆုံးနေ့ အခမ်းအနားအား မနက်ဖြန် မေလ ၂၈ရက်တွင် ကျင်းပရန် မူလက စီစဉ်ထားသော်လည်း ဆွေးနွေးမှုများ မပြီးပြတ်သောကြောင့် မေလ ၂၉ရက်သို့ ရွှေ့ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

မေလ ၂၈ရက်တွင်မူ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အစည်းအဝေးကို တစ်နေကုန်ကျင်းပသွားနိုင်ခြေရှိကြောင်းလည်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့ မေလ ၂၇ ရက်တွင်မူ UPDJC အစည်းအဝေး ကျင်းပရန် ကနဦး စီစဉ်ခဲ့သော်လည်း အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော ၈ဖွဲ့မှ ခေါင်းဆောင်များမှ နေ့လည် ၁နာရီကစပြီး ညှိနှိုင်းဆွေးနွေးကြရာ အဓိကအချက်တစ်ချက်အား ဆွေးနွေးမှု မပြီးပြတ်သောကြောင့် မေ ၂၈ရက်၊ နံနက် ၉နာရီမှသာ UPDJC အစည်းအဝေး ကျင်းပနိုင်မည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ညနေ ၄နာရီတွင် ပြောသည်။

ညီလာခံအား မေ ၂၄ရက်က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်မှ ခွဲမထွက်ရဟူသည့်အချက်နှင့် တစ်ခုတည်းသော တပ်မတော်ထားရှိရေးအချက်တွင် ရာနှုန်းပြည့် ပြေလည်မှု မရှိသေးကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်က ဆိုသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly