ကားသစ်များ YBS ၅၆ နှင့် ၂၀ တွင် ပြေးဆွဲနေပြီ

ကားသစ်များ YBS ၅၆ နှင့် ၂၀ တွင် ပြေးဆွဲနေပြီ

ရန်ကုန်၊မေ၂၇ ။           ။ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ၅၆ ယာဉ်လိုင်းနှင့် ၂၀ ယာဉ်လိုင်းများတွင် တရုတ်နိုင်ငံထုတ် Foton ကားသစ်များဖြင့် မေလ ၂၅ ရက်နေ့ကစ၍  ပြေးဆွဲနေပြီး   ငွေပေးချေစနစ်နှင့် အရပ်ဆင်းခလုပ်နှိပ်စနစ်တို့ ပါဝင်သည်။

Omin Focus ကုမ္ပဏီသည် တစ်စီးလျှင် အမေရိကန် ဒေါ်လာ ၈သောင်း၈ထောင်တန် ၂၀၁၇ခုနှစ် ၊ မတ်လထုတ် Foton ကားအစီး ၁၀၀ဖြင့် ၅၆ယာဉ်လိုင်းနှင့် ၂၀ယာဉ်လိုင်းများမှာ စတင်ပြေးဆွဲခြင်းဖြစ်သည်။

ယာဉ်စီးခကောက်ခံရာ၌ ပုံးထဲသို့ ထည့်ရသည့်စနစ်ဖြင့် ကောက်ခံနေပြီး မှတ်တိုင်တွင် ဆင်းရန်အတွက် အချက်ပေးခလုတ် နှိပ်နိုင်ကြောင်း သိရသည်။

"အကြွေတွေ ဘာတွေမရှိခဲ့ရင်တော့ တချို့တွေက ဒီတိုင်းပဲ ။ စီးတဲ့လူအချင်းချင်း သူတို့အကြွေတွေဘာတွေ အလဲအလှယ်လုပ်ပြီးတော့ ပေါင်းထည့်ကြတာရှိတယ် ။ တချို့ကျတော့လည်း ဒီတိုင်းပဲ ထည့်သွားကြတာရှိတယ်"ဟု ၅၆ ယာဉ်လိုင်းက ယာဉ်မောင်း ကိုနေထူးက ပြောသည်။

၅၆ယာဉ်လိုင်းသည် ယခင်က မီနီဘတ်စ်၊ စီးတီးဘတ်စ် ရောနှောပြေးဆွဲခဲ့ပြီး အခုအခါမှာ စီးတီးဘတ်စ်သီးသန့်နှင့် သခင်မြပန်းခြံမှ ဗိုလ်ချုပ်လမ်း၊ ဗိုလ်တစ်ထောင်ဘုရားလမ်း၊ ကုန်သည်လမ်း၊ ကမ်းနားလမ်းများကို ပတ်ပြီး သခင်မြပန်းခြံအထိ ပုံသေယာဉ်စီးခ ၁၀၀ ကျပ်ဖြင့် ပြေးဆွဲနေသည်။

ခရီးစဉ်လမ်းကြောင်းကို သေချာနားမလည်သေးသော်လည်း ယာဉ်စီးခပေးဆောင်ရမည့် ပုံစံနှင့် အပိုင်းအခြား လိုက်ကောက်ခံသည့်စနစ်ကို နားလည်ကြောင်း ယာဉ်လိုင်း၂၀မှ ခရီးသည်တစ်ဦးဖြစ်သည့် ဦးကျော်ဝင်းက သူ့အတွေ့အကြုံကို ပြောသည်။

"ဖြစ်နိုင်ရင်တော့ ဒီလို အဲကွန်းကားတွေချည်းပဲ တစ်မြို့လုံးထားမယ်ဆိုရင် ပိုအဆင်ပြေမယ် ။ ပိုကောင်းပါတယ် ။ ကားကြီးကြီးတွေနဲ့ အဲကွန်းကားတွေ ကားသေးရင်တော့ ကြပ်တယ်။ စီးရတာ အဲဒါပဲ။ အကြံဉာဏ်ပေးဖြည့်စွက် ပြောချင်ပါတယ်"ဟု ယာဉ်လိုင်း၂၀မှ ခရီးသည်တစ်ဦးဖြစ်သည့် ဦးကျော်ဝင်း က ဆိုသည်။

လိုင်းနံပါတ် ၂၀ မှာ သခင်မြပန်းခြံမှစ၍ တောင်မွေ၊ မြေနီကုန်း၊ ကြည့်မြင်တိုင် ကိုဖြတ်ပြီး လှိုင်သာယာကို ပြေးဆွဲနေသော ယာဉ်လိုင်းဖြစ်ပြီး ခရီးစဉ်အပိုင်းခြားအလိုက် ကျသင့်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required