မန္တလေးမြို့ ရေလျှံမည်စိုးရိမ်၍ ကမ်းနားတစ်လျောက်မြို့နယ်များတွင် သဲအိတ်များခင်း

မန္တလေးမြို့ ရေလျှံမည်စိုးရိမ်၍ ကမ်းနားတစ်လျောက်မြို့နယ်များတွင် သဲအိတ်များခင်း

မန္တလေး (မဇ္ဈိမ) ။ ။ မန္တလေးမြို့အတွင်းသို့ ဧရာဝတီမြစ်ရေ လျှံလာမည်ကို စိုးရိမ်သောကြောင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ မြစ်ကမ်းတစ်လျောက်ရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ်တို့ကို တစ်မြို့နယ်လျှင် သဲအိတ် ၅၀၀၀ အသုံးပြု၍ သြဂုတ်လ ၂ ရက် နံနက် ၇နာရီမှစတင်၍ ကာကွယ်မှုပေးနေသည်ဟု စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးစိုးဝင်းက ပြောသည်။
 
ထိုသို့ ကြိုတင်ကာကွယ်မှုများအား  မြို့တော်ဝန်၏ လမ်းညွှန်မှုဖြင့် စည်ပင်သာယာရေးဝန်ထမ်း ၁၀၀ ဦးကျော်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး အရေးပေါ်အခြေအနေသို့ ရောက်ရှိလာပါကလည်း သဲအိတ်များ ထပ်မံအသုံးပြုနိုင်ရန် အရံသဲအိတ်များလည်း ကြိုတင်စီစဉ်ထားပြီးဖြစ်သည်ဟု ၎င်းကဆိုသည်။
 
လက်ထောက်ကြီးကြပ်ရေးမှူး ဦးစိုးဝင်း က “ကျွန်တော်တို့ဌာနအနေနဲ့ ကြိုတင်ကာကွယ်မှု လုပ်ပေးတာပါ။ ပြည်သူလူထုက မြစ်ရေမြင့်တက်လာတာနဲ့ပတ်သက်ပြီး စိုးရိမ်နေကြတယ်။ ဒါကြောင့် စိုးရိမ်မှုတွေ လျော့နည်းသွားအောင် အခုလိုလုပ်တာပါ။" ဟု မဇ္ဈိမကို ပြောသည်။
 
အဆိုပါသဲအိတ်များအား ဧရာဝတီမြစ်ကမ်းတစ်လျောက် ရေလျံနိုင်သည့် မြေအနိမ့်ပိုင်းများတွင် အဓိကထားရှိသွားမှာဖြစ်ပြီး စည်ပင်သာယာဝန်ထမ်းများမှ အလှည့်ကျစနစ်ဖြင့် ၂၄ နာရီစောင့်ကြည့်သွားမည်ဖြစ်သည်။
 
ဧရာဝတီမြစ်ရေမြင့်တက်လာမှုနှင့် ပတ်သက်၍ ပြည်သူလူထု စိုးရိမ်မှုမရှိစေရန် မြို့နယ်အလိုက် ရေကင်းများချပေးပြီး မြစ်ရေအတက်အကျကို သိရှိစေရန်အတွက် အချိန်နှင့်တပြေညီ ကြေငြာချက်များ ထုတ်ပြန်ပေးနေသည်။ အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါ ပြည်သူလူထု သိရှိစေရန် အသံချဲ့စက်များဖြင့် လိုက်လံနိုးဆော်မှုများ ပြုလုပ်သွားရန်လည်း စီစဉ်ထားသည်ဟု ချမ်းအေးသာစံမြို့နယ်ရှိ အမှတ်(၁)ရေကင်းမှ ရေကင်းမှူး ဦးဝင်းသန့်လှိုင်က မဇ္ဈိမကို ပြောသည်။
 
အဆိုပါမြစ်ကမ်းဘေးရှိ ၁၂ လမ်း၊ ကြက်သွန်ဖို ရပ်ကွက်ရှိ ဦးခင်မောင်ချို က “အခုလိုကြိုတင်ကာကွယ်မှု လုပ်ပေးနေတော့ ကျွန်တော်တို့အနေနဲ့ စိတ်ချလက်ချနေလို့ရတာပေါ့ဗျာ။ မဟုတ်ရင် ဘယ်အချိန်များ ဒီဘက်ရေကျော်လာမလဲဆိုတာ ကြည့်ပြီးစိုးရိမ်နေရတယ်။ဖြစ်မှလုပ်ပေးတာနဲ့စာရင် အခုလိုကြိုတင်လုပ်ပေးတော့ အကျိုးရှိတာပေါ့။ ကျွန်တော်တို့လည်း တတ်နိုင်တာလေးတွေ ဝိုင်းကူပေးနေပါတယ်။" ဟုပြောသည်။
 
ဧရာဝတီမြစ်ရေသည် မန္တလေးမြို့တွင်  သြဂုတ်လ ၂ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ၂၂၇ . ၃၉ ပေအထိမြင့်တက်နေပြီး မန္တလေးမြို့၏ စိုးရိမ်ရေအမှတ်မှာ ၂၃၀. ၇၄ ပေဖြစ်သည်ဟု ရေကင်းများက သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required