ဖားသားဆီပြန်

မင်္ဂလာပါ

ဒီတစ်ပတ်ပိတ်ရက်မှာတော့ မိုးလေးနည်းနည်းရွာထားတော့ ဈေးထဲမှာ ပေါပေါများများ တွေ့လာရတဲ့ ရာသီစာ စားဖားကို ဆီပြန်ချက်ဖို့ ပြင်ထားပါတယ်။ ဖားဆိုတော့ ကြိုက်တဲ့သူရှိသလို   ကြောက်တတ်သူလည်း ရှိပါတယ်။ ကြိုက်တက်သူတွေအတွက် ချက်နည်းလေး ပြောပြပေးမလို့ပါ။ ဖားသားဆီပြန်ချက်ဖို့က အရမ်းကို လွယ်ကူရိုးရှင်းပါတယ်။

လိုအပ်တာတွေကတော့

ဖား  ၃၀သား (ဖားကို ဆေးကြောသန့်စင် အနေတော်တုံးပြီး ဆားဆနွင်းနယ်ထားပါ)

ကြက်သွန်ဖြူနီ ၊ ငရုတ်သီးမှုန့်  အနည်းငယ် ( ညက်အောင်ထောင်းထားပါ)

ဆီ ၅ကျပ်သား

ပင်စိမ်းရွက် အနည်းငယ်

မဆလာ အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

အရင်ဆုံး ဆီ ၅ကျပ်သားကို အိုးထဲထည့်ပါ ။ ပူလာရင် ငရုတ်သီးထောင်းကို လိပ်နေအောင် ဆီသတ်ပါ။ အရောင်ရဲလာရင် ဖားအသားကို ထည့်ပါ ။ နှံ့အောင် မွှေပေးပါ။ အနံ့ အရသာ ဝင်အောင် ဟင်းအိုးအဖုံးကို ၅  မိနစ်လောက် အုပ်ထားပါ။

အသားနဲ့ဟင်းအနှစ် နှံ့လောက်ပြီဆို ရေအနည်းငယ်သာထည့်ပြီး တည်ပါ။ ဖားအသားကနူးညံ့ပြီးသားမို့ ရေအများကြီးနဲ့ချက်ရင် အသားတွေ တစစီဖြစ်သွားတတ်ပါတယ်။ ဒါကြောင့်မို့ရေနည်းနည်းသာ ထည့်တည်ပါ။

ထည့်ထားတဲ့ရေ ခမ်းပြီး ဆီပြန်လာရင် အသားနူး၊မနူး စမ်းပါ။ အသားနူးပြီးဆိုရင်တော့ ပင်စိမ်းရွက်လေးကို ထည့်မွှေပါ။ ပြီးရင်တော့ မဆလာမှုန့်ကို ထည့်ပြီး မွှေပြီးရင်တော့  မီးပိတ်လို့ ရပါပြီ။ သတိထားရမှာက မဆလာထည့်ပြီးရင် အကြာကြီး မချက်သင့်ပါဘူး။ မဆလာကြောင့် ဟင်းအရောင်က မည်းသွားတတ်လို့ မဆလာထည့်ပြီးတာနဲ့ မီးပိတ်ပြီးမှ နှံ့အောင်မွှေသင့်ပါတယ်။

ကြိုက်တတ်သူတွေအဖို့က ချက်ရတာ လွယ်ကူရိုးရှင်းပေမယ့် ထမင်းမြိန်စေမယ့် ဟင်းတစ်မယ်ပါ။ ဒီအစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly