မန္တလေးမြို့တွင် ၂၁ ရာစု ပင်လုံ ဂုဏ်ပြု ကြိုဆိုထောက်ခံပွဲ ကျင်းပ

မန္တလေးမြို့တွင် ၂၁ ရာစု ပင်လုံ ဂုဏ်ပြု ကြိုဆိုထောက်ခံပွဲ ကျင်းပ
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ) ပထမည ကျင်းပခဲ့သည့်မြင်ကွင်းများ

မန္တလေး၊မေလ  ၂၇ ။             ။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးအား ဂုဏ်ပြုကြိုဆိုထောက်ခံပွဲကို မေလ ၂၆ ရက်၊ညနေ ၆ နာရီမှစတင်၍ မန္တလေးမြို့၊ မနော်ရမ္မံလူထုဟစ်တိုင်ကွင်းတွင် ကျင်းပလျက်ရှိသည်။

ထိုသို့ ကြိုဆိုထောက်ခံပွဲကို မေလ ၂၈ ရက်နေ့အထိ သုံးရက်တိုင် ညနေ ၆ နာရီမှ ၁၀ နာရီအထိကျင်းပပြုလုပ်သွားမှာဖြစ်သည်။

ပထမနေ့တွင် အောင်မြေသာစံမြို့နယ်မှအောင်စံမောင်သံချပ်အဖွဲ့၊တိုင်းရင်းသားရိုးရာအကများဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး စာရေးဆရာ ညီစေမင်းနှင့်ကဗျာဆရာ ထွဏ်းသွေးအိမ်တို့က ပင်လုံနှင့်ပတ်သက်သည့် သမိုင်းသိမှတ်ဖွယ်ရာများကို ဟောပြောခဲ့ကြသည်။

အဆိုပါပွဲသို့ တက်ရောက်လာသည့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ဝန်ကြီး ဦးမျိုးသစ်က "နိုင်ငံရဲ့ရှေ့အလားအလာဆိုတာ ကျွန်တော်တို့နိုင်ငံမှာမှီတင်နေထိုင်ကြတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အများရဲ့ ရှေ့အလားအလာပါ။နိုင်ငံရဲ့လူမှုရေး၊စီးပွားရေး၊မြေယာ၊သဘာဝပတ်ဝန်းကျင်၊လုံခြုံရေးကိစ္စတွေကို ဒီနေ့ ဆွေးနွေးနေကြပြီ ။ အကြိတ်အနယ်ဆွေးနွေးနေကြပြီ ဆွေးနွေးခြင်းအားဖြင့် ကျွန်တော်တို့ရဲ့နိုင်ငံ ရေရှည်တည်တံ့ဖို့ဆိုတဲ့ အခြေခံမူတွေထွက်လာမှာဖြစ်ပါတယ်။အခြေခံအုတ်မြစ်ကောင်းတွေ ထွက်လာဖြစ်ပါတယ်။နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ပြောပြချက်အရ အချက် ၄၁ ချက် ရရှိထားပြီး ဖြစ်ပါတယ်။ ပထမအကြိမ်မှာ။ အခု ဒုတိယအကြိမ်မှာ ကျွန်တော်တို့ ညီလာခံကနေ ကောင်းမွန်တဲ့ အခြေခံအုတ်မြစ်တွေ ထွက်ရှိလာမှာဖြစ်ပါတယ်"ပြောကြားခဲ့သည်။

ဒုတိယနေ့တွင်လည်း သံချပ်၊တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေသွားမှာဖြစ်ပြီး ဆရာ ညီပုလေးနှင့်ဆရာ ထင်လင်းဦးတို့က စာပေအကြောင်းအရာများ ဟောပြောသွားမှာဖြစ်ကာ တတိယနေ့တွင်လည်း ဆရာ မင်းကိုနိုင်၊ဆရာ ဇော်ခိုင်ဦးတို့က စာပေအကြောင်းများ ဟောပြောသွားမည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly