မေ ၂၇၊ ရန်ကုန်။ ။ ရတနာပုံအသင်းနည်းပြချုပ် ရီနီဒီဆေရီက ရတနာပုံနှင့် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူ ယခုနှစ်ဘောလုံးရာသီတွင်ခြေစွမ်းကျဆင်းနေခြင်းမှာ ပွဲဆက်များ ဆက်တိုက်ကစားနေရခြင်းကြောင့် ဖြစ်သည် ဟု သုံးသပ်ပြောကြားခဲ့သည်။
အောင်သူမှာ ၂၀၁၆ဆူဇူကီးပြိုင်ပွဲအပြီးတွင် လက်ရွေးစင်အသင်းအတွက်ရော ကလပ်အသင်း အတွက်ပါ ခြေစွမ်းမပြနိုင်ပဲ သွင်းဂိုးများလည်းပျောက်ဆုံးနေသည်။ ကစားသမားတစ်ယောက်က သုံးနှစ်အတွင်း အဓိကပြိုင်ပွဲတွေ ဆက်တိုက်ကစားနေရတဲ့ ကစားသမားတစ်ယောက်က ပုံမှန်ခြေစွမ်း ရေရှည်ထိန်းထားနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ အောင်သူက ယူ-၂၀ကမ္ဘာ့ဖလားပြီး ကတည်းက အနားယူချိန် လုံလုံလောက်လောက် မရှိပဲ ကစားနေရတာပါ။ ဒါပေမယ့် အောင်သူက ကစားသမားကောင်းတစ်ယောက်ပါ။ ပုံမှန်ခြေစွမ်းပြန်ရဖို့ အချိန်အကြာကြီး မစောင့်ရနိုင်ပါဘူး။ ဟု ရီနီကပြောသည်။
အောင်သူမှာ ယူ-၁၉အသင်းနှင့်အတူ ဘရူနိုင်းဘုရင့်ဖလားချန်ပီယံဖြစ်ပြီးနောက် အာရှယူ-၁၉ချန်ပီယံရှစ်၊ ယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲများတွင်ခြေစွမ်းပြကစားနိုင်ခဲ့ကာ လက်ရွေးစင် အသင်းကြီးတွင် ရွေးချယ်ခံခဲ့ရသည်။ အောင်သူမှာ လက်ရွေးစင်အသင်းအတွက် ၁၈ပွဲ ကစားပေးထားပြီး ၄ဂိုး သွင်းယူထားနိုင်သည်။