ရခိုင်တွင်၂၀၁၇/၁၈ ပညာသင်နှစ်အတွက် စာသင်ကျောင်းပေါင်း ၃၀၀ ကို အဆင့်တိုးမြှင့်ဖွင့်လှစ်

ရခိုင်တွင်၂၀၁၇/၁၈ ပညာသင်နှစ်အတွက် စာသင်ကျောင်းပေါင်း ၃၀၀ ကို အဆင့်တိုးမြှင့်ဖွင့်လှစ်
ဓာတ်ပုံ - နောင်နောင်/RiA

စစ်တွေ၊ မေ ၂၇ ရက်။              ။ ရခိုင်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ပညာသင်ကျောင်းများထဲမှ ၂၀၁၇/၁၈ ပညာသင်နှစ်အတွက် ကျောင်း ၃၀၀ ကို မေလ ၂၅ ရက်နေ့မှစတင်ပြီး အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

စာသင်ကျောင်းများအား အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခြင်းမှာ စာသင်ကျောင်းများတွင် ပညာသင်ကြားပေးမှုအပိုင်းကို တိုးမြှင့်သင်ကြားပေးနိုင်ရန်၊ ယခင်ထက်ကောင်းမွန်သည့် ပညာရေးစနစ်ဖြစ်လာစေရန်နှင့် ကျောင်းသားကျောင်းသူများ ကျောင်းတက်ရလွယ်ကူစေရန် အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးက ပြောသည်။

“ကျောင်းပေါင်း ၃၀၀ ကို အဆင့်တိုးမြှင့်ပြီး ဖွင့်လှစ်ပေးထားပါတယ်။ မေလ ၂၅ ရက်နေ့က စပြီးဖွင့်ခွင့်ပေးတာပါ။ အဆင့်တိုးမြှင့် ဖွင့်ပေးတဲ့ကျောင်းတွေက နယ်မှာပဲပိုများပါတယ်။ ဒီလိုကျောင်းတွေကို အဆင့်မြှင့်တင်ပေးတာဟာ ကျောင်းသူ ကျောင်းသားဦးရေ များလာတဲ့အတွက် တစ်ကြောင်း၊ နောက်ပြီး နယ်ကကျောင်းသားတွေအတွက် ပိုပြီးရည်ရွယ်ပါတယ်။”ဟု ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။

ရခိုင်ပြည်နယ် မြို့နယ်အသီးသီးတို့တွင် အဆင့်တိုးမြှင့်ထားသည့် စာသင်ကျောင်းအရေ အတွက်မှာ အ.ထ.က (၂၁) ကျောင်း၊ အ.ထ.က(ခွဲ)- (၁၆)ကျောင်း၊ အ.လ.က (၈၈) ကျောင်း၊ အ.လ.က (ခွဲ)-(၅၇) ကျောင်း၊ အ.မ.က (၂၀) ကျောင်း၊ မူလတန်းလွန် (၇၁) ကျောင်း၊ အ.မ.က(ခွဲ)- (၂၇) ကျောင်းဖြစ်ကြောင်း သိရသည်။

“ကျောင်းသားတွေ ကျောင်းတက်ရတာ လွယ်ကူစေဖို့အတွက် မူလတန်းကျောင်းကို အလယ်တန်းတိုးမြှင့်ပေးတယ်။ အလယ်တန်းကို အထက်တန်းထိ တိုးမြှင့်ပေးတယ်။  အဲလိုအဆင့်မြှင့်တင် တိုးချဲ့ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုတိုးချဲ့ ဖွင့်လှစ်ပေးတာဟာ နယ်ကကျောင်းသား ကျောင်းသူတွေ အတွက်ရော အကုန်လုံးအတွက် အင်မတန်မှကောင်းတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။”ဟု ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။

ယင်းသို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့သည့် ကျောင်းများမှာ စစ်တွေခရိုင်အတွင်း အထက (၃) ကျောင်း၊ အထက (ခွဲ)-(၅) ကျောင်း၊ အလက (၂၇) ကျောင်း၊ အလက (ခွဲ)-(၁၅) ကျောင်း၊ မူလွန် (၂၅) ကျောင်း၊ အမက (၃) ကျောင်း၊ အမက (ခွဲ)-(၃) ကျောင်း။ မြောက်ဦးခရိုင်အတွင်း အထက (၉) ကျောင်း၊ အထက (ခွဲ)-(၈) ကျောင်း၊ အလက (၃၂) ကျောင်း၊ အလက (ခွဲ)-(၂၂) ကျောင်း၊ မူလွန်(၂၃) ကျောင်း၊ အမက (၅) ကျောင်း၊ အမက(ခွဲ)-(၅) ကျောင်း။ မောင်တောခရိုင်တွင် အထက (၃) ကျောင်း၊ အလက (၂) ကျောင်း၊ အလက(ခွဲ)-(၂) ကျောင်း၊ မူလွန် (၂) ကျောင်း၊ အမက (၁) ကျောင်း၊ အမက(ခွဲ)-(၂) ကျောင်း။ ကျောက်ဖြူခရိုင်အတွင်း အထက (၃) ကျောင်း၊ အထက(ခွဲ)-(၃) ကျောင်း၊ အလက (၂၀)ကျောင်း၊ အလက(ခွဲ)-(၁၅)၊ မူလွန် (၁၆) ကျောင်း၊ အမက (၄) ကျောင်း၊ အမက(ခွဲ)-(၁၂)ကျောင်းနှင့် သံတွဲခရိုင်အတွင်း အထက (၃) ကျောင်း၊ အလက (၇) ကျောင်း၊ အလက(ခွဲ)-(၃) ကျောင်း၊ မူလွန်(၅)ကျောင်း၊ အမက (၇) ကျောင်း၊ အမက(ခွဲ)-(၅) ကျောင်းတို့ ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ကျေးလက်ဒေသများတွင် ပညာသင်ကြားလျှက်ရှိသည့် ကျောင်းသားကျောင်းသူများ အားလုံးအတွက်  ပညာရေးကို ကောင်းကောင်းမွန်မွန် သင်ကြားနိုင်ရန် စာသင်ကျောင်းများအား အဆင့်မြှင့်တင်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly