သီရိလင်္ကာတွင် ရေကြီးမြေပြိုမှုများကြောင့် လူပေါင်း ၉၁ ဦးထက်မနည်းသေဆုံးပြီး ၁၀၀ ကျော် ပျောက်ဆုံးနေ

သီရိလင်္ကာတွင် ရေကြီးမြေပြိုမှုများကြောင့် လူပေါင်း ၉၁ ဦးထက်မနည်းသေဆုံးပြီး ၁၀၀ ကျော် ပျောက်ဆုံးနေ

ကိုလံဘို၊ မေ ၂၇ ။              ။ သီရိလင်္ကာနိုင်ငံမှာတော့ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် အနည်းဆုံး ၉၁ ဦးထိ သေဆုံးခဲ့ပြီး လူပေါင်း ၁၁၀ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ နိုင်ငံရဲ့ ဒေသတော်တော်များများမှာ စံချိန်တင် မိုးရွာသွန်းမှုတွေရှိခဲ့ပြီးနောက် ယခုလိုအဖြစ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်တယ်လို့ မေလ ၂၆ ရက်က အာဏာပိုင်တွေက ပြောပါတယ်။

ယခုအခါမှာလည်း ပျောက်ဆုံးနေသူတွေထဲမှာ အသက်ရှင်ကျန်ရစ်နေနိုင်သူတွေကို အမြန်ဆုံးရှာတွေနိုင်ဖို့ အတွက်လည်း ကယ်ဆယ်ရေးသမားတွေ အားသွန်ခွန်စိုက် ကြိုးပမ်းနေလျက်ရှိပါတယ်။

နိုင်ငံတောင်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာလည်း အနည်းဆုံး လူပေါင်း ၂၀,၀၀၀ လောက် နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး စင်တာ DMC က ထုတ်ပြန်ပါတယ်။

" ရေကြီးမြေပြိုမှုတွေ ဖြစ်ခဲ့တဲ့နောက် ကျွန်တော်တို့ ခုထက်ထိ သွားဖို့ခက်ခဲနေသေးတဲ့ ဒေသတစ်ချို့လည်း ကျန်နေပါသေးတယ်၊ ဒါပေမယ့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လုပ်နေပါတယ်" လို့ DMC ရဲ့ ဒုတိယအကြီးအကဲ ဒူနက်ရှ် ဂန်ကန်ဒါက ပြောပါတယ်။

ယခုအခါ အစောပိုင်းနေ့တွေက သွားရောက်ကယ်ဆယ်နိုင်ဖို့ ခက်ခဲနေခဲ့တဲ့ ဒေသတွေဆီနေ ရေကြီးမြေပြိုမှုနောက်ဆက်တွဲသတင်းတွေ ထွက်ပေါ်လာပြီးနောက် ယခုထက်ထိ သေဆုံးသူဦးရေ ၉၁ ဦးထိ ရှိနေပြီ ဖြစ်ပြီး လူပေါင်း ၁၁၀ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ DMC က ထုတ်ပြန်ပါတယ်။

ယခု ဖြစ်စဉ်တွေမှာ အသေအပျောက်အများဆုံး ဒေသကတော့ ရက်နာပူရာမြို့ ဖြစ်တယ်လို့ သိရပြီး ယင်းအပိုင်းမှာတော့ ကာလူမြစ်ရေလျှံမှုကြောင့် မြို့တွင်မှာပါ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ရေကြီးမြေပြိုမှုများအတွင်း နေအိမ်ပေါင်း ၅၀၀ နီးပါး ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ DMC ရဲ့ စီမံခန့်ခွဲမှုဒါရိုကတာ ပီ လီယန်နေ့ဂျ်က ပြောပါတယ်။

မိုးကြီးပြီးနောက် တောင်ပြိုကျမှုကနေတဆင့် နေအိမ်တွေကို ဖုံးလွှမ်းခံလိုက်ရတာကနေတဆင့် လူအမြောက်အမြား သေကျေခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာ အစိုးရအနေနဲ့လည်း သဘာဝဘေးဒုက္ခသည်တွေအတွက် ယာယီကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ပေးထားပြီး ကုလသမဂ္ဂနဲ့ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာ အကူအညီတွေကိုပါ တောင်းခံထားရကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required